စစ်အာဏာရှင် လက်နက်ကိုင် လူတစုကြောင့် ပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနေကြရတဲ့အတွက် တန်ဖိုးရှိတဲ့ ပြည်သူ တဦးတယောက်ကိုမှ အပါမခံနိုင်တော့ဘူးလို့ ဖွေးဖွေးက ဆိုပါတယ်။
“Gen Z ညီမလေး၊ မောင်လေးတို့ ရဲရဲတောက် သတ္တိတွေရှိတာ ကမ္ဘာကရော မဖွေးတို့ Gen Y တွေရော၊ Gen X တွေ အားလုံးကော မျက်ဝါးထင်ထင် တွေ့ခဲ့ရပြီးပါပြီ။ အားလုံးရဲ့ ပေးဆပ်မှုတွေကြောင့် နိုင်တော့မှာ အသေအချာပါ”
“စစ်အာဏာရှင်ဘက်က ဖြိုခွင်းပါတယ် အကြောင်းပြပြီး သေစေတဲ့ လက်နက်တွေသုံး ပြည်သူတွေကို အကြမ်းဖက်နေတာတောင် ဘာလက်နက်မှ မပါဘဲ ရင်ကော့ဆန္ဒပြခဲ့ကြ၊ အချင်းချင်း ကာကွယ် ကူညီခဲ့ကြတာ တွေ့ရတော့ ရင်ထဲနင့်နေအောင် လေးစားရပါတယ်”လို့ ဖွေးဖွေးက ပြောပါတယ်။
စစ်အာဏာရှင်တွေက လက်နက် အသုံးပြုပြီး ပြည်သူများအား အကြမ်းဖက်နေခြင်းကို ဘာလက်နက်မှမပါဘဲ ပြည်သူအချင်းချင်း ကာကွယ်ကူညီနေတာကို မြင်ရတာ ရင်ထဲနင့်နေအောင် လေးစားရတယ်လို့ ဆိုပါတယ်။
“တိုင်းပြည်အတွက် ဒီလောက် တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ဓာတ်နဲ့ ဒီလို သတ္တိခဲလေးတွေ Gen X, Y, Z ဘယ်သူ့ကိုမှ ထပ်မဆုံးရှုံးပါရစေနဲ့တော့။ နောက်နေ့ ဆန္ဒပြပါ။ ပြေးစရာရှိ အပီပြန်ပြေး။ ကမ္ဘာကို သိနေပြီးသားပေမယ့် ထပ်သိအောင်သာ ဆိုရှယ်မီဒီယာက ထပ်ပြဖို့ Footage ရရင် ရပါပြီ။ တနေကုန် အပြင်မှာ မနေပါနဲ့။ သုသု ပြောသလို သူတို့ကိုပဲ နေလှန်းထားလိုက်ပါ”လို့ ဖွေးဖွေးက ဆိုပါတယ်။
အရေးတော်ပုံအောင်တော့မှာ ဖြစ်တာကြောင့် ပိုပြီးပါးပါးနပ်နပ်နဲ့ သတ္တိရှိရှိ ရင်ဆိုင်ကြဖို့လည်း ပြောထားပါတယ်။
“နှလုံးသားကော၊ ရှက်ကြောရော ဆင်ခြင်တုံတရားပါ မွေးကတည်းက ပါမလာတဲ့ အဲ့ စစ်ကျွန်တွေနဲ့ တတ်နိုင်ရင် ထိပ်တိုက် အနီးကပ် မတွေ့ကြပါနဲ့တော့။ မတန်လို့။ တန်ဖိုးရှိတဲ့ ဖွေးတို့ ပြည်သူ တယောက်မှ ထပ်အပါမခံနိုင်တော့လို့။ နိုင်ကို နိုင်တော့မှာမို့ အရေးတော်ပုံ အောင်တော့မှာမို့ ပိုပါးနပ်ပေးကြပါ။ ပါးပါးနပ်နပ် သတ္တိရှိရှိ ဆက်ရင်ဆိုင်မယ်။ ဒါတွေအားလုံးပြီးတော့မှ ဟိုဘက်ကို အတူတူ အားရပါးရ ဟားချင်သေးလို့”လို့ ဖွေးဖွေးက ပြောပါတယ်။
ဖွေးဖွေး ကိုယ်တိုင်က ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Generation Y တဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူများနဲ့ တသားတည်း ပါဝင်လှုပ်ရှားနေသူလည်း ဖြစ်ပါတယ်။
You may also like these stories:
ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူးနဲ့ ဟန်နေတာတို့ ဖန်တီးထားတဲ့ “Headshot” သီချင်း
ဦးကျော်သူနှင့် ဇနီးအား မတရားစွပ်စွဲ အမှုဖွင့်ခြင်းကို ဝိုင်းဝန်း ကန့်ကွက်
ဖမ်းဝရမ်းကြောင့် မိသားစုတွေ တိမ်းရှောင်နေရကြောင်း သဇင်ထူးမြင့် ဆို