သတင်းမီဒီယာများ လွတ်လပ်စွာ သတင်းရယူခွင့် ရှိသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ သတင်းထောက်များကို ဖမ်းဆီးခဲ့ခြင်းများ ရှိတဲ့အပေါ် မီဒီယာ အသိုင်းအဝိုင်း၊ အနုပညာရှင်များနဲ့ ပြည်သူများက ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြပါတယ်။
သရုပ်ဆောင် ပိုင်ဖြိုးသုက ဖမ်းဆီးခံထားရသော သတင်းမီဒီယာ ပညာရှင်များအား ချက်ချင်း လွှတ်ပေးဖို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသား တောင်းဆိုထားပါတယ်။
“ကမာရွတ် Media တွဲဖက်တည်ထောင်သူ ကိုဟန်သာကို မတရား ဖမ်းဆီးခဲ့သော စစ် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အား ပြင်းထန်စွာ ရှုတ်ချပါတယ်။ ဖမ်းဆီးခံရသော မီဒီယာ၊ သတင်းပညာရှင်များအား ချက်ချင်းလွှတ်”လို့ ပိုင်ဖြိုးသုက တောင်းဆိုထားပါတယ်။

အလားတူပဲ သရုပ်ဆောင် ခင်ဝင့်ဝါကလည်း အကြမ်းဖက် ဖမ်းဆီးခံရတဲ့ ကမာရွတ် မီဒီယာ အပါအဝင် ဖမ်းဆီးခံထားရတဲ့ သတင်းမီဒီယာ ပညာရှင်များအား ချက်ချင်းလွှတ်ဖို့ တောင်းဆိုထားပါတယ်။
သရုပ်ဆောင် ဒေါင်းကလည်း ဒီခေတ်က လက်နှိပ်စက် ခေတ်မဟုတ်ဘူးလို့ ဆိုပြီး၊ မီဒီယာများအား အကြမ်းဖက် ဖမ်းဆီးခြင်းကို ကန့်ကွက် ရှုတ်ချတယ်လို့ ဆိုပါတယ်။

“မီဒီယာတွေကို ပိတ်ခြင်း၊ မီဒီယာသမားတွေကို အကြမ်းဖက် ဖမ်းဆီးခြင်းကို ကန့်ကွက် ရှုတ်ချတယ်။ အန္တရာယ်ကင်းကင်းနဲ့ ပြန်လွတ်ကြပါစေ။ အကြမ်းဖက် အရှုံးသမားများ ဒီခေတ်က လက်နှိပ်စက်ခေတ် မဟုတ်ဘူး။ မင်းတို့ မတရားတာ၊ အကြမ်းဖက်တာ တကမ္ဘာလုံး သိတယ်။ တို့ပြည်သူက နိုင်နေပြီ”လို့ ဒေါင်းက ပြောထားပါတယ်။
သတင်းမီဒီယာ ကောင်စီဝင် အများစုကလည်း စစ်ကောင်စီ လက်အောက်မှာ အလုပ်မလုပ်ချင်တဲ့အတွက် သတင်းမီဒီယာ ကောင်စီကနေ နုတ်ထွက်ထားကြပါတယ်။
ယမန်နေ့ည ၈ နာရီကလည်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်တွင်း ပုဂ္ဂလိက မီဒီယာများဖြစ်တဲ့ Myanmar Now, 7 Day, DVB, Mizzima နှင့် ခေတ်သစ် စတဲ့ မီဒီယာ ၅ ခုကို ထုတ်ဝေခွင့် ပိတ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
You may also like these stories:
“အာဏာရှင်အတွက် လုပ်ကိုင်နေတာ တန်ရဲ့လား”လို့ ပိုင်ဖြိုးသု မေးခွန်းထုတ်
တန်ဖိုးရှိတဲ့ ပြည်သူ တဦးတယောက်ကိုမှ အပါမခံနိုင်ဘူးလို့ ဖွေးဖွေး ပြော
ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူးနဲ့ ဟန်နေတာတို့ ဖန်တီးထားတဲ့ “Headshot” သီချင်း