စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်နေတဲ့ သရုပ်ဆောင် အလင်းရောင်က ဒီတော်လှန်ရေး စတင်ကတည်းက အဆုံးထိ ပါဝင်သွားဖို့ ဆုံးဖြတ်ထားပြီး၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များက ပြည်သူတွေအပေါ် အကြမ်းဖက်နေမှုကို ခံပြင်းဒေါသ ထွက်ရတယ်လို့ ဆိုပါတယ်။
“ဒီတော်လှန်ရေးကို စတင် ပါဝင်စဉ်ကတည်းက ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် အဆုံးထိ ပါဝင် တော်လှန်သွားမယ်လို့ ဆုံးဖြတ်ထားတာပါ။ အဲ့ဒါကြောင့် ဘယ်နေရာက ကျနော့်အတွက် လုံခြုံမှု ရှိနိုင်မလဲ။ ဘယ်လို ဆက်လက် လှုပ်ရှားရမလဲ ဆိုတာတွေ ပြင်ဆင်ခဲ့တယ်။ အခုချိန်ထိ အဘက်ဘက်က ဆက်ဖြည့်ဆည်း ပါဝင်ရင်း ရှောင်တိမ်း နေထိုင်ရတဲ့ ကာလတွေ ဖြစ်လာတယ်”
“အကြမ်းဖက်သမားတွေကြောင့် နေ့ချင်းညချင်း ဝရမ်းပြေးဆိုတဲ့ ခေါင်းစဉ်အောက် ရောက်သွားသလိုပါပဲ။ ဒီအတွက် စိတ်ပြင်ဆင်ထားပြီးသား ဖြစ်နေပေမယ့် နေ့စဉ် မြင်နေ ကြားနေရတဲ့ ပြည်သူအပေါ် အကြမ်းဖက်နေမှုတွေကိုတော့ ခံပြင်းစိတ်ကြောင့် ဒေါသတွေ ထွက်ရ၊ ခါးခါးသီးသီး နာကျင်ရပါတယ်”လို့ အလင်းရောင်က ပြောပါတယ်။
စိုးရိမ်စိတ်တွေ များနေရတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရတယ်လို့ အလင်းရောင်က ဆိုပါတယ်။

“သတင်းတွေ ဆက်မကြည့်နိုင်လောက်အောင် Facebook Newfeeds ကို ကြည့်ဖို့ စိတ်ပြင်ဆင်မိတဲ့အထိ ဖြစ်လာလောက်အောင် စိုးရိမ်စိတ်တွေ များနေရတဲ့ နေ့ရက်တွေကို ဖြတ်သန်းလာရတယ်။ တခဏတာပဲ ဖြစ်ဖြစ်တော့ စိတ်ဖိစီးစေတဲ့ အကြောင်းအရာမျိုးစုံရဲ့ ဒဏ်တွေကြောင့် မွန်းကျပ်လာတဲ့ ခံစားချက်မျိုး လူတိုင်းလည်း ခံစားနေရမယ် ထင်ပါတယ်။ လူတိုင်း လူတိုင်း စိုးရိမ်မှုတွေနဲ့ အိပ်စက်ရတဲ့ ညတွေ၊ မျက်လုံးပွင့်တာနဲ့ ပစ်ခတ်သံတွေနဲ့ နေ့တွေ အမြန်ဆုံး ကုန်ဆုံးဖို့ မျှော်လင့်မိတယ်”လို့ အလင်းရောင်က ပြောပါတယ်။
ညစဉ်ညတိုင်း ဘုရားမှာလည်း ဆုတောင်းပြီး၊ နွေဦး တော်လှန်ရေးဟာ အောင်မြင်တော့မှာပါလို့ အလင်းရောင်က ဆိုပါတယ်။

“ကျနော် ညစဉ်ညတိုင်း ဘုရားမှာ တောင်းမိတဲ့ဆုပဲ။ ဒီကာလမှာ နားထောင်ဖြစ်နေတဲ့ သီချင်းစာသားလေး အတိုင်း၊ ကျနော်တို့တွေ တယောက်တည်း မဟုတ်ပါဘူး။ အခုအချိန် ခဏလေးကို အတူတူ ရင်ဆိုင်ကြပါမယ်။ ဒါကို ကျော်လွန် လွတ်မြောက်သွားတာနဲ့ မျှော်လင့်ထားတဲ့ ပန်းတိုင်ဆီ ရောက်ရှိကြတော့မှာပါ။ အားတင်းထားပြီး ရှေ့ဆက်ကြပါမယ် ။ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးဟာ ရောင်နီလွှမ်းခြုံ အောင်မြင်တော့မှာပါ”လို့ အလင်းရောင်က ပြောပါတယ်။
ဒီအကြောင်းအရာတွေကိုတော့ သရုပ်ဆောင် အလင်းရောင်က သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ရေးသား ပြောပြခဲ့တာဖြစ်ပြီး၊ အလင်းရောင်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတ်အားသရွေ့ ပါဝင်နေသူ ဖြစ်ပါတယ်။
You may also like these stories:
မီဒီယာများအား ဖမ်းဆီးခြင်းအပေါ် အနုပညာရှင်အချို့ ကန့်ကွက် ရှုတ်ချ
“အာဏာရှင်အတွက် လုပ်ကိုင်နေတာ တန်ရဲ့လား”လို့ ပိုင်ဖြိုးသု မေးခွန်းထုတ်
တန်ဖိုးရှိတဲ့ ပြည်သူ တဦးတယောက်ကိုမှ အပါမခံနိုင်ဘူးလို့ ဖွေးဖွေး ပြော