တောင်ကိုရီးယားနိုင်ငံမှာ Cover သီချင်းတွေကို ပြန်လည် သီဆိုလေ့ရှိတဲ့ “Raon” ဆိုတဲ့ အဖွဲ့တဖွဲ့ဟာ သူတို့ရဲ့ Youtube ချန်နယ်ကနေ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း ကျဆုံးခဲ့ကြသူတွေအတွက် ရည်ရွယ်တဲ့ “ကမ္ဘာမကြေဘူး” သီချင်းကို ကိုရီးယားဘာသာနဲ့ ပြန်လည် သီဆိုထားတဲ့ ဗီဒီယိုဖိုင်တခုကို တင်ခဲ့ပါတယ်။
အဲဒီ သီချင်းနဲ့အတူ အဆိုတော် Kim Kwang Seok ရဲ့ “In the Wilderness” သီချင်းကိုပါ ပူးတွဲ သီဆိုထားတာ တွေ့ရပါတယ်။ အဲဒီအဖွဲ့ရဲ့ “ကမ္ဘာမကြေဘူး” ကိုရီးယားဗားရှင်း ဗီဒီယိုရဲ့ ညွှန်းစာမှာတော့ မြန်မာနိုင်ငံက ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ထောက်ခံ အားပေးကြောင်း ဖော်ပြထားပါတယ်။
အဲဒီ အညွှန်းစာထဲမှာ Raon အဖွဲ့က “ကျနော်တို့ မြန်မာနိုင်ငံက ဒီမိုကရေစီကို ထောက်ခံအားပေးပါတယ်။ မြန်မာနိုင်ငံက စစ်တပ် အာဏာသိမ်းမှုကြောင့် ပြည်သူတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီကို တောင်းဆိုနေကြပါတယ်။ သွေးနဲ့ မျက်ရည်တွေ စွန်းထင်းခဲ့ရပါတယ်။ အခုတော့ ကျနော်တို့ဟာ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ငြိမ်းချမ်းရေး အားလုံးအတွက် အတူတူ ထောက်ခံပေးကြပါမယ်”
“ကိုရီးယားသမ္မတနိုင်ငံဟာလည်း ပြည်သူတွေရဲ့ စွမ်းအားကြောင့် ဒီမိုကရေစီကို ပြန်လည် ရရှိခဲ့တာပါ။ ဒါကြောင့် ငြိမ်းချမ်းတဲ့ ကိုရီးယားသမ္မတနိုင်ငံဟာ ဒီမိုကရေစီကို ပြန်လည် ရရှိတဲ့အချိန်အထိ မြန်မာနိုင်ငံကို ထောက်ခံအားပေးပါတယ်”လို့ ဖော်ပြထားပါတယ်။
“Raon” အဖွဲ့ Cover သီဆိုထားတဲ့ “ကမ္ဘာမကြေဘူး” သီချင်း
အဲဒီ သီချင်း ဗီဒီယိုထဲမှာတော့ အဖွဲ့ဝင်တွေရဲ့ သီချင်းသီဆိုနေမှု ပုံရိပ်တွေအပြင် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲ ပုံရိပ်တွေနဲ့ မန္တလေးဆန္ဒပြပွဲမှာ ကျဆုံးခဲ့တဲ့ မကြယ်စင်ရဲ့ ဓာတ်ပုံတွေကို ထည့်သွင်းထားတာ တွေ့ရပါတယ်။
အဲဒီ အကြောင်းအရာနဲ့ ပတ်သက်လို့ Raon အဖွဲ့က “ဗီဒီယိုထဲမှာ ပါဝင်တဲ့ ဓာတ်ပုံဟာ စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့ အဖွဲ့ရဲ့ပုံ ဖြစ်ပါတယ်။ ကျနော်တို့ဟာ စိတ်ရင်းနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပါဝင်သူတွေကို အားပေး ထောက်ခံဖို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို တိတိကျကျ ဖော်ပြလိုတဲ့ သဘောနဲ့ အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ ပထမ ဗီဒီယိုဖိုင်မှာ အနည်းငယ် အဆင်မပြေမှုရှိခဲ့ရင် နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို အားပေး ထောက်ခံပါတယ်” လို့ မှတ်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။
တခြား မှတ်ချက်တွေမှာတော့ ကြည့်ရှုသူတွေက မြန်မာနိုင်ငံအရေးအတွက် အခုလိုမျိုး တဖက်တလမ်းကနေ ပါဝင်ကူညီပေးခဲ့တဲ့အတွက် အဖွဲ့ကိုလည်း မြန်မာပြည်သူတွေ ကိုယ်စား ကျေးဇူးတင်ပါကြောင်း ပြောဆိုထားကြပါတယ်။
မှတ်ချက်တခုမှာတော့ “ဒီသီချင်းလေးကို ကြည့်ပြီး ကိုရီးယားပြည်သူတွေရဲ့ နှလုံးသားကို မြင်တွေ့ခဲ့ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီသီချင်းကို နားထောင်နေတဲ့အချိန်မှာ မျက်ရည်ကျမိပါတယ်။ မြန်မာနိုင်ငံအတွက် ကြိုးစား ဆောင်ရွက်ပေးလို့ နောက်တကြိမ် ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအတွက် ဆုတောင်းပါဦး”လို့ ဖော်ပြထားပါတယ်။
Ref: Youtube
You may also like these stories:
မီဒီယာများအား ဖမ်းဆီးခြင်းအပေါ် အနုပညာရှင်အချို့ ကန့်ကွက် ရှုတ်ချ
“အာဏာရှင်အတွက် လုပ်ကိုင်နေတာ တန်ရဲ့လား”လို့ ပိုင်ဖြိုးသု မေးခွန်းထုတ်
တန်ဖိုးရှိတဲ့ ပြည်သူ တဦးတယောက်ကိုမှ အပါမခံနိုင်ဘူးလို့ ဖွေးဖွေး ပြော