Entertainment

အာဏာရှင် ကျရှုံးတဲ့အထိ မတရားမှုတွေကို Speak Out လုပ်သွားမယ့် မြတ်နိုးအေး

ကိုယ်တိုင် လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင်အား ဆန့်ကျင် ဆန္ဒပြနေသလို၊ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ မတရားခံရမှုတွေအတွက် နိုင်ငံတကာကို ပြောပြချင်တဲ့ အကြောင်းအရာတွေကို အားသာတဲ့ Platform သုံးပြီး အာဏာရှင် ကျရှုံးတဲ့အထိ ပြောနေဦးမယ်လို့ သရုပ်ဆောင် မြတ်နိုးအေးက ပြောပါတယ်။

“ကိုယ့်နိုင်ငံမှာ ခံနေရတဲ့ မတရားခံရမှုအတွက် နိုင်ငံတကာကို ပြောပြချင်တယ်။ ဘယ်လိုပြောရင် အထိရောက်ဆုံးဖြစ်မယ်တွေ ဘာတွေ မသိပါဘူး။ ပြောချင်ခဲ့တာပဲ သိတယ်။ အဲ့တော့ ကိုယ့်မှာ ရှိတဲ့ ကိုယ်အားသာတဲ့ Platform ကို သုံးပြီး ပြောခဲ့တာတွေ အခုလို သူများနိုင်ငံ မီဒီယာတွေမှာ အသိအမှတ်ပြုခံရတော့ ကျေနပ်ပါတယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

ထိုင်းမီဒီယာ တခုမှာ ဖော်ပြခံရတဲ့ မြတ်နိုးအေး

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာများကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းမျိုးစုံက ဖော်ပြပေးနေသလို၊ Tiktok မှာလည်း မြတ်နိုးအေး ကိုယ်တိုင်ပြောပြခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ တခြားနိုင်ငံများရဲ့ မီဒီယာများမှာ ဖော်ပြခံထားရပါတယ်။

မြတ်နိုးအေး ပြောပြခဲ့တဲ့ Tiktok ဗီဒီယိုဖိုင်

ဒီလို မတရားခံရမှုများကို ပြောနေတာတွေဟာ မကြောက်တဲ့အတွက် ပြောနေခြင်း မဟုတ်ဘဲ အနာဂတ်မဲ့သွားမှာနဲ့ အမှန်တရားဘက်မှာ မရပ်တည်နိုင်တဲ့သူဖြစ်မှာကို ပိုကြောက်တယ်လို့ ဆိုပါတယ်။

“မကြောက်ဘူးလားဆိုတော့ ကြောက်ပါတယ်။ ဒါပေမဲ့ ဘာမှ မလုပ်လို့ လိပ်ပြာမလုံဘဲ နေရမှာကို ပိုကြောက်ပါတယ်။ အနာဂတ်တွေ မဲ့မှာကို ပိုကြောက်ပါတယ်။ အမှန်တရားဘက်မှာ မရပ်တည်နိုင်တဲ့သူ တယောက် ဖြစ်မှာကို ပိုကြောက်ပါတယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း စစ်အာဏာရှင် ကျရှုံးတဲ့အထိ တတ်နိုင်တဲ့ဘက်က ပြောပေးနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် မြတ်နိုးအေး (ဓာတ်ပုံ – Myat Noe Aye’s Facebook)

“မတရားသဖြင့် တက်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်စနစ် ကျရှူံးတဲ့အထိ မြတ်နိုးကတော့ တတ်နိုင်တဲ့ဘက်ကနေ အမှန်တရားအတွက် Speak Out လုပ်နေဦးမှာပါ” လို့ မြတ်နိုးအေးက ပြောပါတယ်။

သရုပ်ဆောင် မြတ်နိုးအေးက ကိုယ်တိုင်လည်း ပြည်သူများနဲ့အတူ ရပ်တည်ပြီး အမှန်တရားအတွက် အနုပညာရှင် တဦးအနေနဲ့ ပြောပေးနေသလို တခြားသော နှုတ်ဆိတ်နေတဲ့ အနုပညာရှင် တဦးကိုလည်း စကားသံ ထွက်ပေးဖို့ တိုက်တွန်းခဲ့တာကို တွေ့ရပါတယ်။

You may also like these stories:

“ကမ္ဘာမကြေဘူး” သီချင်းနဲ့ မြန်မာပြည်သူတွေကို ထောက်ခံအားပေးခဲ့တဲ့ ကိုရီးယားအဖွဲ့

တော်လှန်ရေးကို အဆုံးထိ ပါဝင်သွားဖို့ ဆုံးဖြတ်ထားတဲ့ အလင်းရောင်

“အာဏာရှင်အတွက် လုပ်ကိုင်နေတာ တန်ရဲ့လား”လို့ ပိုင်ဖြိုးသု မေးခွန်းထုတ်

Loading