စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားနေတဲ့ သရုပ်ဆောင် မင်းမော်ကွန်းကတော့ သူ့ကိုယ်သူ သရုပ်ဆောင် တယောက်ဆိုတာ မေ့နေခဲ့ပြီး၊ ပြည်သူနဲ့အတူ တသားတည်း ပြေးလွှား ဆန္ဒပြရင်း သေနတ်သံတွေကို နားယဉ်လာခဲ့ပြီလို့ ဆိုပါတယ်။
“ကိုယ့်ဟာကိုယ် သရုပ်ဆောင်လို့ မေ့နေတာ တလကျော်တောင် ရှိသွားပြီပဲ။ အခုဆို ထမင်းချက်တတ်ပြီ။ မရှိရှိတာနဲ့ စားတတ်ပြီ။ ကိုယ့်အဝတ်ကိုယ် လျှော်တတ်ပြီ။ တံမြက်စည်းလှည်း၊ ကြမ်းတိုက်တတ်ပြီ။ အာခေါင်ခြစ် အော်ပြီး ခြေထောက်တွေ နာကျင်နေအောင် လမ်းတွေ လျှောက်ဖူးခဲ့ပြီ။ နေပူထဲ ထီးမပါ၊ ကတ္တရာလမ်းပေါ် နာရီပေါင်းများစွာ ထိုင်ဖူးပြီ။ မိုးလင်းမိုးချုပ် ဆဲဆိုရင်း သေနတ်သံတွေကို နားယဉ်လာခဲ့ပြီ”လို့ မင်းမော်ကွန်းက ပြောပါတယ်။
ကိုယ်တိုင်လည်း ရာဇဝတ်သား တယောက်လို ပြေးရင်းလွှားရင်း၊ နေရာပေါင်းစုံ ပုန်းခိုရင်း ရပ်ကွက် ပေါင်းစုံကို ရောက်ခဲ့ရဖူးပြီလို့ ဆိုပါတယ်။
“ရာဇဝတ်သား တယောက်လိုလည်း ဟိုပြေးဒီလွှား၊ ဟိုနေရာပုန်း ဒီနေရာခိုနဲ့ ရပ်ကွက်ပေါင်းစုံ နေရာပေါင်းစုံ ရောက်ခဲ့ရဖူးပြီ။ ဖုန်တွေသဲတွေ၊ အမှိုက်သရိုက်တွေကြားထဲ ပျော်အောင် အိပ်တတ်လာပြီ။ အရင်က ရန်သူလို့ ထင်ခဲ့မိသူတွေက အရေးကြုံတဲ့အခါမှာ မိတ်ဆွေကောင်းတွေဆိုတာ သိခွင့်ရလာပြီး၊ တချို့မိတ်ဆွေတွေကိုတော့ ရင်နာနာနဲ့ပဲ စွန့်လွှတ်ခဲ့ရပြီ”လို့ မင်းမော်ကွန်းက ပြောပါတယ်။
လူ့ဘဝဆိုတာ အပြောင်းအလဲမြန်ပြီး တိုတောင်းလွန်းတာကြောင့် အာဏာရှင်တွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေ အတောမသတ်နိုင်သေးတဲ့အပေါ် အခုလိုပဲ ဆိုပါတယ်။
“လူ့ဘဝဆိုတာကြီးကိုက အပြောင်းအလဲ မြန်လွန်းတယ်။ နေရတဲ့အချိန် ဆိုတာလည်း သိပ်တိုတောင်းလွန်းပါတယ်။ နေ့မြင်ညပျောက် ကိုယ့်ဟာကိုယ်တောင် ဘယ်နေ့ သေရမယ်မှန်း မသိတဲ့ ဘဝထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေကို အတောမသတ်နိုင်ကြသေးပါလား။ သေခါနီးထိကို ရူးလိုက်ကြတဲ့အာဏာ၊ မက်လိုက်တဲ့ ပိုက်ဆံ”လို့ မင်းမော်ကွန်းက ဆိုထားပါတယ်။
မင်းမော်ကွန်းက ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ ရေးသား ပြောပြထားတာဖြစ်ပြီး၊ ယမန်နေ့က အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း သေနတ် ထိမှန်ကာ ကျဆုံးခဲ့ကြသူများအတွက်လည်း အခုလို ဝမ်းနည်းစကား ဆိုထားပါတယ်။
“မြိုင်နဲ့ မြောက်ဒဂုံက အာဇာနည်များ၊ ရှိသမျှ မြို့တိုင်း ရပ်ကွက်တိုင်းမှ တော်လှန်ရေးအတွက် အသက်ကို စတေးခဲ့ကြသော အာဇာနည် အားလုံးတို့သည် တကယ်တော့ ကျဆုံးခြင်း မဟုတ်ပါ။ အာဏာရှင် စနစ်ဆိုးကြီးမှ လွတ်မြောက်သွားသူများ၊ နွေဦးတော်လှန်ရေးအတွက် အမြဲတောက်ပနေမည် ဖြစ်သော ကြယ်ပွင့်များသာ ဖြစ်ပါသည်။ ဝမ်းနည်း နာကျင်ရပါသည်။ လေးစား ဂုဏ်ပြုအပ်ပါသည်”လို့ မင်းမော်ကွန်းက ဆိုပါတယ်။
သရုပ်ဆောင် မင်းမော်ကွန်းကတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့ကတည်းက လမ်းပေါ်ထွက်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့တာဖြစ်ပြီး အနုပညာရှင်၊ ပြည်သူတဦးအနေနဲ့ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပြည်သူ့ဝန်ထမ်းများ ပါဝင်လာဖို့ လှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။
You may also like these stories:
အာဏာရှင် ကျရှုံးတဲ့အထိ မတရားမှုတွေကို Speak Out လုပ်သွားမယ့် မြတ်နိုးအေး
တော်လှန်ရေးကို အဆုံးထိ ပါဝင်သွားဖို့ ဆုံးဖြတ်ထားတဲ့ အလင်းရောင်
“အာဏာရှင်အတွက် လုပ်ကိုင်နေတာ တန်ရဲ့လား”လို့ ပိုင်ဖြိုးသု မေးခွန်းထုတ်