အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နေထိုင်တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ ယနေ့၊ မတ်လ ၁၂ ရက်နေ့မှာ ကိုဗစ် ကာကွယ်ဆေး ပထမ Dose စတင် ထိုးနှံလိုက်ပြီဖြစ်တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အခုလိုပဲ ပြောပြထားပါတယ်။
“ဒီနေ့ ကိုဗစ် ကာကွယ်ဆေး ပထမ Dose ထိုးလိုက်ပါပြီ။ ဒုတိယ Dose ကို ၃ ပတ် ခွာချိန်းပါတယ်။ မြန်မာနိုင်ငံအတွက် အမေစုက တခြား အိမ်နီးချင်းနိုင်ငံတွေထက် စောပြီး ပြည်သူတွေ ထိုးလို့ရအောင် ကာကွယ်ဆေးတွေ မြန်မာပြည်ရောက်အောင် လုပ်ပေးခဲ့တယ်။ အာဏာရူးတသိုက်နဲ့ သူ့ဆွေမျိုး တသိုက်ပဲ ထိုးလိုက်ရတယ်”
“စစ်တပ်ကို ကာကွယ်ပြီး ပြောနေတဲ့ လူတွေ ခင်ဗျားတို့ရော ဘယ်နေ့ထိုးရမလဲ သိပြီးပြီလား။ ထိုးကော ထိုးရမှာမို့လို့လား။ သူတို့ဘက်ကကော ပြည်သူတွေ ဘယ်နေ့ ထိုးရမယ်လို့ ကြေညာပြီလား။ ဝေးသေး။ အာဏာသိမ်းချင်တာပဲ သိတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ Safety ကို လုံးဝ မငဲ့ဘူး။ သူ့ကြောင့် ပြည်သူတွေ သန်းနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒထွက်ပြရတယ်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ တနေ့တနေ့ COVID-19 ကြောင့် လူဘယ်နှယောက် သေဆုံးရလဲဆိုတာ မသိရဘဲ အခုချိန်မှာ ကိုဗစ် ဖြစ်လာရင်လည်း အရင်လို အခမဲ့ ကုလို့ မရတော့ကြောင်း ဆိုပါတယ်။
“တနေ့တနေ့ ဘယ်နှယောက်သည် Covid ကြောင့် သေနေပြီလဲ။ အခုချိန် မြန်မာနိုင်ငံမှာ ကိုဗစ် ဖြစ်လာခဲ့ရင်လည်း အရင်လို အခမဲ့ ကုလို့ မရသလို သိန်း၂၀ လောက် ကျမယ်လို့လည်း တွေ့ပါတယ်။ အဲ့ဒီတော့ မကုနိုင်တဲ့သူတွေက အသေခံရမယ့် သဘောလား။ ဘယ်မလဲ ပြည်သူတိုင်းအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ဘယ်သူဘယ်ဝါက အခုအချိန်မှာ ကိုဗစ်ကြောင့် သေတယ်ဆိုတာ ဂဃနဏ မသိနိုင်တော့ဘူး။ အထူးသဖြင့် လူကြီးတွေအတွက် အန္တရာယ်များလိုက်တာ”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတွေ သေရသလို၊ ကိုဗစ်ကြောင့် သေတဲ့အခါ ဘာကြောင့် သေလို့ သေမှန်း မသိရတာ ဘယ်နှယောက် ဖြစ်နေပြီလဲလို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။
“အာဏာရူးလို့၊ သေနတ်နဲ့ ပစ်လို့ အပြစ်မဲ့ ပြည်သူတွေ သေရသလို၊ Covid ရပြီး ကိုဗစ်ကြောင့် သေလည်း ဘာကြောင့် သေလို့ သေမှန်းမသိ။ အသက်ရှူ အဆုတ်လမ်းကြောင်းဆိုင်ရာ ရောဂါလို့ပဲ နာမည်တပ်ရင်တပ်၊ မတပ်ရင် ဘာလာလာ လူကြီးရောဂါဆိုပြီး ဖြစ်သလို ပြီးစလွယ် နာမည်တပ်ပြီး သေကြရတဲ့ သူတွေ ဘယ်နှစ်ယောက် ဖြစ်နေပြီလဲတောင် မသိဘူး”လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့အကြောင်းကိုလည်း ဗီဒီယို ရိုက်ထားပြီး၊ မကြာခင် မျှဝေပေးသွားမယ်လို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။
“ပြည်သူတွေအားလုံး Covid ကာကွယ်ဆေးထိုးပြီး တိုင်းပြည် ပုံမှန် လည်ပတ်ဖို့ သူတွေးမယ် ထင်လို့လား။ ဝေလာဝေး။ သူတို့ ချမ်းသာဖို့ အာဏာရဖို့ပဲ တွေးတယ် အောက်တန်းစားတွေ။ ဒီနိုင်ငံမှာ Covid ကာကွယ်ဆေး ထိုးရတဲ့ အတွေ့အကြုံနဲ့ ဒီက လုပ်ဆောင်ချက်တွေကို ဗဟုသုတတခုအနေနဲ့ ဗီဒီယိုလေးလည်း ရိုက်ထားပါတယ်”
“နိုင်ငံရေး မငြိမ်မသက် ဖြစ်နေတယ်ဆိုပေမယ့် Covid ကာကွယ်ဆေး ထိုးဖို့က လူတိုင်း မဖြစ်မနေ ထိုးဖို့ လိုအပ်တဲ့အတွက်၊ ကျန်းမာရေး ဗဟုသုတအနေနဲ့ သိထားဖို့ လိုအပ်တဲ့အတွက်၊ ဒီနိုင်ငံက အတွေ့အကြုံလေးတွေ မကြာခင် ဗီဒီယို တင်ပြီး ပြန်လည် မျှဝေပါမယ် ခင်ဗျာ”လို့ ဥက္ကာမင်းမောင်က ပြောထားပါတယ်။
You may also like these stories:
“တချို့ မိတ်ဆွေတွေကို ရင်နာနာနဲ့ စွန့်လွှတ်ခဲ့ရပြီ”လို့ မင်းမော်ကွန်း ဆို
အကယ်ဒမီ မင်းသမီး ဇင်မာဦးရဲ့ နောက်ဆုံးခရီး
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေအကြောင်း ထုတ်ပြောခဲ့တဲ့ အလှမယ် ဟန်လေး