အခု လတ်တလော နာမည်ကျော်ကြားနေတဲ့ ကိုရီးယား ဒရာမာ “Vincenzo” ထဲက အဓိကသရုပ်ဆောင် နှစ်ဦးဟာ တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ်ပါ အသင့်စား ထမင်းသုပ်ကို စားသုံးနေကြတဲ့ ဇာတ်ကွက်ကို ပြသခဲ့ပြီးတဲ့နောက် အဲ့ဒီစီးရီးဟာ တောင်ကိုရီးယားနိုင်ငံမှာ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့တုန်းကထုတ်လွှင့်ခဲ့တဲ့ အပိုင်းရဲ့ ဇာတ်ဝင်ခန်းတခုမှာ မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ဂျောင်ယောဘင်တို့ဟာ နာမည်ကျော် ထမင်းသုပ် ပန်းကန်လုံးနှစ်ခုထဲက စားစရာတွေကို နှိုက်ယူ စားသုံးတဲ့ ပြကွက်ပါဝင်ခဲ့ပြီး အဲ့ဒီပန်းကန်လုံးကို ကင်မရာနဲ့ အနီးကပ် ဆွဲယူပြလိုက်တဲ့အခါ စပွန်ဆာပေးထားတဲ့ Zihaiguo တံဆိပ်နာမည်ကို တွေ့ရှိခဲ့ရပါတယ်။
အဲ့ဒီထုတ်ကုန်ကို ဇာတ်လမ်းထဲမှာ ထည့်သွင်းအသုံးပြုခဲ့တဲ့အတွက် ဆိုရှယ်မီဒီယာပေါ်မှာ ကိုရီးယားအင်တာနက် အသုံးပြုတွေကြား ဒေါသအမျက် ထွက်ခဲ့ကြပြီး ကိုရီးယားတွေ ချစ်မြတ်နိုးတဲ့ အစားအစာကို တရုတ်အစားအစာအဖြစ် မလျော်မကန် ထည့်သွင်းအသုံးပြုခဲ့တဲ့ tvN ရုပ်သံလိုင်းကို ဝေဖန်ခဲ့ကြပါတယ်။
အင်တာနက် အသုံးပြုသူတဦးက “ဘာလို့ တရုတ်ထမင်းသုပ် ထုတ်ကုန်ကို ထည့်သုံးရတာလဲ။ အခု တရုတ်တွေကတော့ ထမင်းသုပ်ဟာ သူတို့အစားအစာလို့ ငြင်းခုံကြတော့မယ်” လို့ သူ့အမြင်ကို ရေးပါတယ်။ ကင်မ်ချီဟာ နှစ်နိုင်ငံကြား ယဉ်ကျေးမှု ထုတ်ကုန်အဖြစ် သူပိုင် ကိုယ်ပိုင် အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို အငြင်းပွားဖွယ်ဖြစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့တာပါ။
မကြာသေးခင်တုန်းကတော့ တရုတ်နိုင်ငံပိုင် သတင်းစာ Global Times က ကိုရီးယားဘက်က ထမင်းသုပ်ဟာ တရုတ်တို့က “paocai” လို့ ခေါ်တဲ့ တရုတ်စတိုင် ဟင်းသီးဟင်းရွက် ငါးဆားနယ် စားစရာရဲ့ အသွင်ပြောင်းလဲမှု တခုသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အတိတ်ကာလတုန်းကလည်း ကိုရီးယား ရိုးရာဝတ်စုံဖြစ်တဲ့ hanbok နဲ့ ကိုရီးယားရိုးရာ ဂီတအမျိုးအစားတခုဖြစ်တဲ့ “pansori” တို့ဟာ သူတို့ပိုင်ဆိုင်တဲ့ အရာတွေဖြစ်ကြောင်း ပြောဆိုခဲ့ပြီးတဲ့နောက် အငြင်းပွားစရာတွေ ဖြစ်ခဲ့ဖူးပါတယ်။
“Vincenzo” ကို ကြည့်ရှုခဲ့ကြတဲ့ ကိုရီးယားပရိသတ် တချို့ကတော့ ဒီစီးရီးကို တောင်ကိုရီးယားမှာ ပြသအပြီး Netflix မှ ပြန်တင်တဲ့အခါ နိုင်ငံတကာ ပရိသတ်တွေအနေနဲ့ ထမင်းသုပ်ဟာ တရုတ်စားစရာလို့ ထင်မှတ်သွားမှာကို စိုးရိမ်နေကြပါတယ်။ ကုန်စရိတ်များများနဲ့ ထုတ်လုပ်ထားတဲ့ အဲ့ဒီစီးရီးကို ကာကွယ်ပြောကြားပေးသူ တချို့ကတော့ အခုလို ထုတ်လုပ်နိုင်ဖို့အတွက် ဝမ်ဘီလီယံ ၂၀ ပြန်လည် ကာမိဖို့ လိုအပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
မာဖီးယားဂိုဏ်းအတွက် အလုပ်လုပ်ပေးရတဲ့ အီတလီနွယ်ဖွား ကိုရီးယားရှေ့နေ တဦးအကြောင်း ရိုက်ကူးထားတဲ့ အဲ့ဒီဒရာမာကို ပြီးခဲ့တဲ့လကမှ စတင်ပြသခဲ့တာဖြစ်ပြီး တောင်ကိုရီးယား ကေဘယ်ရုပ်သံသမိုင်းမှာ ၁၆ ခုမြောက် လူကြည့်နှုန်းအများဆုံး ဒရာမာအဖြစ် လက်ရှိမှာ မှတ်တမ်းဝင်ထားပါတယ်။
Koreaboo မီဒီယာရဲ့အဆိုအရ tvN ရုပ်သံဟာ တရုတ်နိုင်ငံမှာ နာမည်ကျော်ကြားပြီး တောင်ကိုရီးယားနာမည်ကျော်ကြားမှု မရှိတဲ့ Zihaiguo ကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီစာချုပ်ကို ပြန်လည်ဖျက်သိမ်းဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
Ref: asiaone
You may also like these stories:
Viber မှ မြန်မာနိုင်ငံရှိ ကြော်ငြာ လုပ်ဆောင်ချက်များအားလုံး ရပ်တန့်ထားမည်
သေဆုံးသူ ကိုလင်းထက်အတွက် BLACKPINK ပရိသတ်တွေ ဝမ်းနည်းစကားဆို