စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွစွာ ပါဝင် လှုပ်ရှားနေတဲ့ သရုပ်ဆောင် မင်းမော်ကွန်းက မြို့တွေပေါ်မှာ စစ်မြေပြင်ဖြစ်လာရင် အထိနာမှာက ပြည်သူပါလို့ ဆိုပါတယ်။
“အားလုံးမှန်းထားတာထက် စောပြီး ခုခံကာကွယ်မှုတွေ လက်တုံ့ပြန်မှုတွေ စတင်လာပြီ ဖြစ်ပါတယ်။ ဒါကို သုံးသပ်ကြည့်ရင် ပြည်တွင်းစစ် စတင်တော့မယ်ဆိုတဲ့ အခြေအနေပါ။ အဓိက လက်နက်မဲ့ ပြည်သူနဲ့ ကြည်း၊ ရေ၊ လေ လက်နက် ပေါင်းစုံရှိတဲ့ အကြမ်းဖက်သမား စစ်သူပုန်တွေနဲ့ ဖြစ်ကြတဲ့ ပဋိပက္ခကနေစပြီး ပြည်တွင်းစစ်အသွင်ကို ဆောင်လာပါပြီ”
“ကျနော်တို့ ပြည်သူအတွက် လိုအပ်ချက်က လက်နက်ပါ။ သူတို့ဆီမှာ လေယာဉ်တွေ လက်နက်ကြီးတွေ ဖောက်ခွဲရေး ပစ္စည်းတွေ စစ်သင်္ဘောတွေနဲ့ အဆင့်မြင့် လက်နက်တွေ ရှိနေတယ်ဆိုတာ အားလုံးအသိပါ။ ပြည်သူက အင်အားများတယ်ဆိုပေမယ့် သူတို့က ရပ်ကွက်လိုက် မြို့နယ်လိုက် မိနစ်ပိုင်းအတွင်း ချေဖျက်ပစ်လို့ရပါတယ်။ မြို့တွေပေါ်မှာ စစ်မြေပြင် ဖြစ်လာရင် အထိနာမှာက ပြည်သူပါ”လို့ မင်းမော်ကွန်းက ပြောပါတယ်။
CRPH ရဲ့ဦးဆောင်မှုနဲ့အတူ တရားဝင် ပြည်သူ့စစ်တပ် အမြန်ဖွဲ့စည်းဖို့နဲ့ နိုင်ငံတကာရဲ့ အထောက်အပံ့တွေ လိုအပ်နေပြီလို့ မင်းမော်ကွန်းက ဆိုပါတယ်။
“ကျနော်တို့ ပြည်သူ့အခွန်တွေရဲ့ ရာခိုင်နှုန်း တော်တော်များများကို စစ်သူပုန်များရဲ့လက်နက် ခဲယမ်း ရိက္ခာအတွက် သုံးစွဲခဲ့တာ နှစ်ပေါင်းများစွာရှိလာပြီ ဖြစ်တဲ့အပြင် သူတို့မှာ အခြားစီးပွားရေးတွေ ရှိတဲ့အတွက် သူတို့ရဲ့လက်နက်အင်အား၊ ငွေအင်အား တိုက်ပွဲအတွေ့အကြုံ အစစ သာပါတယ်”
“ပြီးတော့ ကိုယ်နဲ့ရင်ဆိုင်ရမယ့် ရန်သူဟာ ကိုယ့်လို မဟုတ်တာကိုလည်း ထည့်တွက်ရပါမယ်။ သူတို့က ယုတ်မာ ကောက်ကျစ်တဲ့ နည်းပေါင်းစုံကို ထုတ်သုံးမှာပါ။ အဲ့တော့ ကျနော်တို့သည် CRPH ရဲ့ဦးဆောင်မှုနဲ့အတူ တရားဝင် ပြည်သူ့စစ်တပ် အမြန်ဖွဲ့စည်းဖို့နဲ့ နိုင်ငံတကာရဲ့ အထောက်အပံ့တွေ လိုအပ်နေပါပြီ”လို့ မင်းမော်ကွန်းက ပြောထားပါတယ်။
CRPH ရဲ့ပြည်သူ့တပ်မတော်မှာ ရရာနေရာကနေ တာဝန်ထမ်းဆောင်ပြီး တိုင်းပြည်အေးချမ်းတဲ့အထိ တိုက်ပွဲဝင်ဖို့ ကတိပေးပါတယ်လို့ မင်းမော်ကွန်းက ဆိုပါတယ်။
“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့အကူအညီနဲ့ စစ်ရေးလေ့ကျင့်မှုတွေ လိုအပ်နေပါပြီ။ အမြန်ဆုံး စတင်မှ ဖြစ်မှာပါ။ ကိုယ့်ရန်သူက လက်ဦးမှု ရယူထားပါပြီ။ အဲ့တော့ ကျန်းမာသန်စွမ်းတဲ့ လူငယ်လူရွယ်များ အသင့်ပြင်ထားဖို့နဲ့ ပြည်သူများ ရိက္ခာစုထားဖို့ သတိပေးတာပါ”
“ကျနော် မြှောက်ပေးနေတာမဟုတ်ပါ။ ကျနော် ကိုယ်တိုင်လည်း CRPH ရဲ့ ပြည်သူ့တပ်မတော်မှာ ရရာနေရာကနေ တာဝန်ထမ်းဆောင်ပြီး တိုင်းပြည်အေးချမ်းတဲ့အထိ တိုက်ပွဲဝင်ဖို့ ကတိပေးပါတယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။
သရုပ်ဆောင် မင်းမော်ကွန်းက ဒီအကြောင်းအရာများကို မတ်လ ၁၆ ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ ရေးသား ပြောပြထားတာ ဖြစ်ပြီး၊ မင်းမော်ကွန်းဟာ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တောက်လျှောက် ပါဝင်ကာ ဆန္ဒဖော်ထုတ်နေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
ပြည်သူနဲ့ တသားတည်း ဆက်လက် တိုက်ပွဲဝင်မယ့် အလင်းရောင်နဲ့ ခင်ဝင့်ဝါ
သရုပ်ဆောင် ဇင်မာဦး ကွယ်လွန်မှုအပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား
အမေရိကန်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံခဲ့တဲ့ ဥက္ကာမင်းမောင်