အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင် တက်ကြွစွာ ပါဝင်ခဲ့သလို CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပြည်သူ့ဝန်ထမ်းများ ပါဝင်လာဖို့ လှုံ့ဆော်ခဲ့တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက ရက်တွေကြာလာတဲ့အချိန်မှာ ပြည်သူတွေ စိတ်ဓာတ်တွေ ကျလာကြပြီလားလို့ မေးခွန်းထုတ်ထားပါတယ်။
“ရက်တွေ ကြာလာတဲ့အချိန်မှာ စိတ်ဓာတ်တွေ ကျလာကြပြီလား။ လူတွေ အများကြီး သေနေပြီ။ ငါဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် မုန်းမိနေပြီလား။ အကြောင်း အမျိုးမျိုးကြောင့် အပြင်ထွက်ဖို့ အခွင့်မသာလို့ အိမ်မှာပဲ Keyboard Fighter လုပ်နေရသူတွေမှာ အဲဒီ့စိတ် ပိုဆိုးပါတယ်”
“ဥပမာ ကျမအိမ်မှာဆို ကျမ ညီမကို အပြင်လုံးဝ ပေးမထွက်ထားပါဘူး။ ကျမ တခုခု ဖြစ်ခဲ့သော် အဖေ၊ အမေ၊ အဘိုးအဘွားအတွက် သူရှိနေမှ ဖြစ်မှာမို့လို့ပါ။ အဲ့ဒီလို အိမ်မှာပဲ နေရတာ ကြာလာရင် ငါက အန္တရာယ်များတဲ့ ရှေ့တန်းမှာလည်း ရှိမနေရဘူး။ ငါက CDM လုပ်ခွင့်ရတဲ့ ပြည်သူ့ဝန်ထမ်း လည်း မဟုတ်ဘူး။ ငါဟာ လူပိုကြီးဖြစ်နေပြီဆိုတဲ့ ခံစားချက်ဟာ အတော်ဆိုးတာပါ”လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။
အိမ်အပြင် မထွက်ရသူက ဘာမှ မရေးမတင်တော့ရင် အားတခု ဆုံးရှုံးပါတယ်လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။
“အဲဒီ့အချိန်မှာ အပြင်မှာ တကယ် ရဲရဲဝံ့ဝံ့ထွက် ဆန္ဒပြနေသူ တယောက်ယောက်က မင်းတို့ အိမ်ထဲမှာနေ လွယ်လွယ်လေး ဖြတ်သန်းနေရတာ အဖြစ် တကယ်ရှိရင် မြေပြင်ဆင်းခဲ့လို့ အပြစ်တင် ပြောဆိုတာမျိုး လုပ်ခဲ့ရင်ဖြစ်စေ၊ တခါတရံ ပို့စ်မှားတင်မိတဲ့ အချိန်မျိုးမှာ အသုံးမကျသူအဖြစ် ဝိုင်းဝန်း ပြောဆိုကြရင်ဖြစ်ဖြစ် နဂို Survivor guilt ဝင်နေသူခမျာ အသက်တောင် ဆက်ရှင်ချင်စိတ် မရှိတော့လောက်အောင် ဖြစ်ရတတ်ပါတယ်”
“တော်ပါပြီ ငါကဘာမှ အသုံးမဝင်ဘူး။ ကူညီရာမရောက် ဒုက္ခပေးရာပဲရောက်တဲ့ လူကြီးဆိုပြီး ဘာမှ မရေးမတင်တော့ရင် ကျမတို့ဘက်က အားတခု ဆုံးရှုံးပါတယ်။ တကယ်တော့ အခုချိန်ကြီးမှာ အားလုံးက တလှေတည်းစီး တခရီးတည်းသွား ဘဝတူတွေပါ။ တယောက်က မှားနေရင် တယောက်က အသာအယာ ထောက်ပြပါ။ အပြစ်မတင်ဘဲ ရှင်းပြပါ။ ကျမတို့အားလုံးအတွက် ဘုံရန်သူက စစ်အာဏာရှင်နဲ့ သူ့အစွယ်အပါးတွေပါ”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
စိတ်ဒဏ်ရာတွေ ကိုယ်စီရှိထားပြီးသားမို့ ကိုယ့်အချင်းချင်း ထပ်မံ စိတ်ဒဏ်ရာတွေ မပေးမိအောင်စောင့်ထိန်းကြရအောင်လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။
“ကျမတို့ဘက်မှာ ရှိနေပေးကြတဲ့သူ မှန်သမျှ (CDM Hero၊ ရှေ့တန်းက သူရဲကောင်း၊ Keyboard Fighter၊ သံပုံးတီး သူရဲကောင်း၊ မီဒီယာ အလှူရှင်စသဖြင့်) အားလုံးကို လက်တွေမြဲမြဲ တွဲပြီး ကာကွယ်စောင့်ရှောက်ကြရမှာပါ။ ဘယ်သူ့ကိုမှ လက်တွဲဖြုတ်ချ ချန်ခဲ့ဖို့ မဖြစ်နိုင်ပါဘူး။ ကျမတို့ဘက်ကနေ သူနိုင်ရင်နိုင်သလောက် ဝန်ကို ဝင်မျှထမ်းနေသူ ဘယ်သူ့ကိုမဆို နွေးနွေးထွေးထွေး ကြိုဆိုကြရအောင်”
“ကျမတို့မှာ ဟိုဘက်က ပေးထားတဲ့ စိတ်ဒဏ်ရာတွေ ကိုယ်စီ ရှိထားပြီးသားမို့ ကိုယ့်အချင်းချင်း ထပ်မံစိတ်ဒဏ်ရာတွေ မပေးမိအောင် စောင့်ထိန်းကြရအောင်လား။ ကျမတို့ဘက်မှာ ရှိနေပေးတဲ့ တဦးတယောက်တိုင်းက ကျမတို့ အားလုံးအတွက် တန်ဖိုးရှိတဲ့ လူသားတွေပါ။ စိတ်ဝမ်းမကွဲကြေး။ စိတ်ဓာတ် မကျကြေး။ အဆုံးထိ အတူတူ တိုက်ပွဲဝင်ကြမယ်။ အရေးတော်ပုံ အောင်ရမည်”လို့ ပိုင်ဖြိုးသုက ပြောထားပါတယ်။
သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တတ်အားသရွေ့ ပါဝင်ပေးနေသူ ဖြစ်ပြီး၊ ဆိုရှယ်မီဒီယာကတဆင့် သတင်းအချက်အလက်များကို မျှဝေ ရေးသား ပို့စ်များ အဆက်မပြတ် တင်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
“မြို့တွေပေါ်မှာ စစ်မြေပြင် ဖြစ်လာရင် အထိနာမှာက ပြည်သူပါ”
ပြည်သူနဲ့ တသားတည်း ဆက်လက် တိုက်ပွဲဝင်မယ့် အလင်းရောင်နဲ့ ခင်ဝင့်ဝါ
သရုပ်ဆောင် ဇင်မာဦး ကွယ်လွန်မှုအပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား