Entertainment

မိုဘိုင်း အင်တာနက်များ ပြန်လည် ဖွင့်ပေးရန် ပိုင်တံခွန် တောင်းဆို

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မိုဘိုင်းအင်တာနက်များကို အာဏာသိမ်း စစ်တပ်မှ မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ဖြတ်တောက်ခဲ့တဲ့အတွက် ပြန်လည် ဖွင့်ပေးဖို့ ပိုင်တံခွန်က တောင်းဆိုလိုက်ပါတယ်။

“တရားမဝင် အာဏာသိမ်း စစ်တပ်ဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းများကို ဖုံးကွယ်ရန်နဲ့ မြေပြင်မှ တိုက်ရိုက် ထုတ်လွှင့်မှုများကို ထိန်းချုပ်ရန်အတွက် မတ်လ ၁၅ ရက်နေ့မှ စတင်ပြီး မိုဘိုင်း အင်တာနက်များကို ဖြတ်တောက်ခဲ့ပါတယ်”လို့ ပိုင်တံခွန်က ပြောထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အင်တာနက် ဖြတ်တောက်မှုဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး အခုလို မိုဘိုင်းအင်တာနက် ဖြတ်တောက်ထားခြင်းကို ဆန့်ကျင်၍ ချက်ချင်း ပြန်လည်ပေးရန်အတွက် တောင်းဆိုထားခြင်း ဖြစ်ပါတယ်။

“လူသားတို့ရဲ့ အခြေခံအခွင့်အရေးကို ပိတ်ပင်ခြင်းဖြစ်တဲ့ အင်တာနက် ဖြတ်တောက်မှုဟာ စစ်အာဏာသိမ်းပြီးနောက် တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ စစ်ကောင်စီဟာ လူသားမျိုးနွယ်စုအပေါ် ဖိနှိပ်သော ရာဇဝတ်မှုများနှင့် လူမဆန်သော ရက်စက်မှုများစွာကို ကျင့်သုံးခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အင်တာနက် ဖြတ်တောက်ခြင်းကို လုံးဝ ဆန့်ကျင်ပြီး ကျနော်တို့ မိုဘိုင်း အင်တာနက်ကို ချက်ချင်း ပြန်လည် ပေးအပ်ရန် တောင်းဆိုလိုက်ပါတယ်” လို့ ပိုင်တံခွန်က ဆိုပါတယ်။

သရုပ်ဆောင် ပိုင်တံခွန် (ဓာတ်ပုံ – Paing Takhon’s Facebook)

စစ်ကောင်စီဟာ သူတို့ရဲ့လုပ်ရပ်များကို ကမ္ဘာမှ အချိန်နှင့်တပြေးညီ မသိစေရန်အတွက် မိုဘိုင်း အင်တာနက်များကို မတ်လ ၁၅ ရက်မှစတင်ကာ အကန့်အသတ်မရှိ ပိတ်ပင်ထားတာဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းတဲ့နေ့မှာဆိုရင်လည်း ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများကို ပိတ်ဆို့ခဲ့ပါတယ်။

ဒါ့အပြင် အခုလို မိုဘိုင်း အင်တာနက်များ မဖြတ်တောက်ခင်ကလည်း မနက် ၁ နာရီမှ မနက် ၉ နာရီအထိ အင်တာနက် ဖြတ်တောက်မှုများ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ အများစုကိုလည်း ယနေ့အချိန်ထိ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

You may also like these stories:

“ဘယ်သူ့ကိုမှ လက်တွဲဖြုတ်ချ ချန်ခဲ့ဖို့ မဖြစ်နိုင်ပါဘူး”လို့ ပိုင်ဖြိုးသု ဆို

“မြို့တွေပေါ်မှာ စစ်မြေပြင် ဖြစ်လာရင် အထိနာမှာက ပြည်သူပါ”

ပြည်သူနဲ့ တသားတည်း ဆက်လက် တိုက်ပွဲဝင်မယ့် အလင်းရောင်နဲ့ ခင်ဝင့်ဝါ

Loading