Entertainment

“ပြည်သူချင်း စည်းလုံးမှု၊ မေတ္တာတရားနဲ့ တိုက်လာခဲ့တာ အရာထင်နေပါပြီ”

စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီလမှ စတင်ကာ မြန်မာနိုင်ငံ အနှံ့အပြားမှာ လူထုဆန္ဒ ထုတ်ဖော်ပွဲများစွာ ပြုလုပ်လာကြတာ ယနေ့ချိန်ထိ အရှိန်အဟုန်မြင့်ဆဲ ဖြစ်ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များကလည်း ဆန္ဒပြ ပြည်သူတွေကို လက်နက်နဲ့ ပစ်ခတ် ဖြိုခွင်းနေတာကြောင့် လက်နက် ခွန်အားချင်း မမျှလို့ ကျဆုံးရတာ များပေမယ့် ပြည်သူချင်း စည်းလုံးမှုတွေ၊ မေတ္တာတရားတွေနဲ့ အရာထင်နေပြီလို့ သက်မွန်မြင့်က ဆိုပါတယ်။

“ကျမတို့ ပြည်သူတွေ အားတင်းကြမယ်။ လက်နက် ခွန်အားချင်း မမျှလို့ ကျမတို့ ကျဆုံးရတာ များကြပေမယ့် ကျမတို့ လက်နက် မပါတဲ့ တိုက်ကွက်တွေနဲ့ သတ္တိရှိမှုတွေ၊ ပြည်သူချင်း စည်းလုံးမှုတွေ၊ မေတ္တာတရားတွေနဲ့ တိုက်လာခဲ့ကြတာ အရာထင်နေပါပြီ”လို့ သက်မွန်မြင့်က ပြောပါတယ်။

စိတ်ခွန်အားကျစေမယ့် အရာတွေ ရှောင်ပြီး စိတ်ရော လူရော ခွန်အားရှိအောင် ကြိုးစားကြမယ်လို့ သက်မွန်မြင့်က ဆိုပါတယ်။

သရုပ်ဆောင် သက်မွန်မြင့် (ဓာတ်ပုံ – Thet Mon Myint’s Facebook)

“စိတ်မလျှော့ဘဲ ခွန်အားမွေးကြမယ်။ နာကျင်ခံစားရတာတွေကို ရင်ထဲ ထည့်မှတ်ထားပြီး အားမွေးကြမယ်။ စိတ်ခွန်အားကျစေမယ့် အရာတွေရှောင်၊ စိတ်ထောင်းကိုယ်ကြေ မဖြစ်ဘဲ စိတ်ရော လူရော ခွန်အားရှိအောင် ကြိုးစားကြမယ်”လို့ သက်မွန်မြင့်က ပြောပါတယ်။

ဆက်လက်ပြီး အင်တာနက်တွေ ဖြတ်ထားလည်း ရင်ဘက်ချင်း ဆက်ကြမယ်လို့ ဆိုပါတယ်။

“ကိုယ့်ပုံစံနဲ့ ကိုယ်တတ်နိုင်တဲ့နေရာ၊ ကိုယ်ရောက်နေတဲ့ အနေအထားနဲ့ စည်းစည်းလုံးလုံး ဆက်တိုက်ကြမယ်။ ကျမတို့ ပန်းတိုင် နီးသထက် နီးလာပါပြီ။ အင်တာနက်ဖြတ်လည်း ရင်ဘတ်ချင်း ဆက်ကြမယ်။ အရေးတော်ပုံ အောင်တော့မည်”လို့ သက်မွန်မြင့်က ပြောထားပါတယ်။

သက်မွန်မြင့်ကတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ သတင်းအချက်အလက်များ၊ ပို့စ်များ မျှဝေ ရေးသားတင်ကာ အာဏာရှင် ဆန့်ကျင်ရေးအတွက် တတပ်တအား ပါဝင်ပေးနေပြီး၊ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကိုလည်း ထောက်ခံခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

You may also like these stories:

မိုဘိုင်း အင်တာနက်များ ပြန်လည် ဖွင့်ပေးရန် ပိုင်တံခွန် တောင်းဆို

“ဘယ်သူ့ကိုမှ လက်တွဲဖြုတ်ချ ချန်ခဲ့ဖို့ မဖြစ်နိုင်ပါဘူး”လို့ ပိုင်ဖြိုးသု ဆို

ပြည်သူနဲ့ တသားတည်း ဆက်လက် တိုက်ပွဲဝင်မယ့် အလင်းရောင်နဲ့ ခင်ဝင့်ဝါ

Loading