Entertainment

မြန်မာဆန္ဒပြသူတွေကို ထောက်ခံလိုက်တဲ့ မင်းသမီး Michelle Yeoh

ကမ္ဘာကျော် မင်းသမီး Michelle Yeoh ဟာ မြန်မာနိုင်ငံက အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူတွေအပေါ် ထောက်ခံတဲ့အနေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သင်္ကေတဖြစ်တဲ့ လက်သုံးချောင်ထောင် သင်္ကေတ ပြသထားတဲ့ သူ့ရဲ့ ဓာတ်ပုံတပုံကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က မင်းသမီး Michelle ဟာ သူ့ရဲ့ Instagram အကောင့်မှာ မြန်မာနိုင်ငံက မငြိမ်မသက်ဖြစ်မှုတွေကို မြင်ရတာ စိတ်ထိခိုက်ရတယ်လို့ ပြောဆိုထားပါတယ်။

မင်းသမီးက “မြန်မာနိုင်ငံရဲ့ ကာလကြာရှည် မိတ်ဆွေဖြစ်ခဲ့သူ တဦးအနေနဲ့ အဲ့ဒီမှာ မငြိမ်မသက်မှုတွေကို မြင်တွေရတာ စိတ်နှလုံးကြေကွဲရပါတယ်။ တဦးကိုတဦး ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံပြီး တဦးရဲ့ အခြေခံ လူ့အခွင့်အရေးကို တဦးက လေးစားတာဟာ မြန်မာနိုင်ငံမှာ အသက်ရှင်လမ်းရဖို့ တခုတည်းသော နည်းလမ်းနဲ့ တခုတည်းသော ကြီးထွား ရင့်သန်မှုသာ ဖြစ်ပါတယ်”လို့ ရေးသားထားပါတယ်။

“Crouching Tiger And Hidden Dragon” , “Memoirs of a Geisha” နဲ့ “Crazy Rich Asians” ရုပ်ရှင်တွေနဲ့ နာမည်ကျော်တဲ့ မလေးရှား မင်းသမီး Michelle ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ရင်းနှီးအကျွမ်းတဝင်ရှိသူလည်း ဖြစ်ပါတယ်။

“The Lady” ဟောလိဝုဒ် ရုပ်ရှင်

သူဟာ ၂၀၁၁ ခုနှစ်တုန်းက “The Lady” ဆိုတဲ့ ဟောလိဝုဒ်ရုပ်ရှင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီ ရုပ်ရှင်ကိုတော့ အဲဒီခေတ်အခါက မြန်မာစစ်အစိုးရက ပြသခွင့်ပိတ်ပင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ခေါင်းဆောင်တဦး ဖြစ်လာခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှားပစ်ခံပါတယ်။

မင်းသမီး Michelle က နိုင်ငံတခုရဲ့ ကံကြမ္မာကို ဆုံးဖြတ်ရာမှာ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေကနေတဆင့်သာ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ မစ္စမလေးရှား မယ်ဟောင်း မင်းသမီးဟာ ဟောင်ကောင်အက်ရှင်ရုပ်ရှင် တော်တော်များများမှာ ပါဝင်ထားသူဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင် “Tomorrow Never Dies” ကနေ တဆင့် ဟောလိဝုဒ် လောကထဲ ခြေချခဲ့သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၀၀ ကျော်အထိ မြင့်တက်နေချိန်မှာ ရန်ကုန်မြို့ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့တဲ့ နိုင်ငံသား ၂ ဦး အထိန်းသိမ်းခံလိုက်ရကြောင်း သြစတြေးလျအစိုးရက မကြာသေးခင်တုန်းက အတည်ပြုထားပါတယ်။

Ref: thestandard

You may also like these stories:

လှိုင်သာယာရဲ့ လက်ရှိ မြေပြင် အခြေအနေကို ပြောပြတဲ့ သည်ခေတ်နေ

“မြန်မာ့နွေဦး တော်လှန်ရေးကနေ အာရှအထိ ကူးစက်လာပြီ”

တရုတ်မှ တင်သွင်းတဲ့ အစားအစာများကို Boycott လုပ်ဖို့ တိုက်တွန်းတဲ့ ဟိဏ်းသစ်

Loading