အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပြည်သူနဲ့အတူ ပါဝင်နေတဲ့ သရုပ်ဆောင် ပိုးမမှီသာက သူ့ဆီကို ဖုန်းနံပါတ်တခု မှားဝင်လာပြီး မြိတ်မြို့နားက သတင်းတွေကို ပြောပြခဲ့တာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
“မနက်က မသိတဲ့ ဖုန်းနံပါတ်တခု ဝင်လာတယ်။ ပုံမှန်ဆိုရင်တော့ အကြောင်းအမျိုးမျိုးကြောင့် မသိတဲ့ နံပါတ်ဆို သိပ်မကိုင်ဖြစ်ပေမယ့် ဒီနေ့တော့ ကိုင်လိုက်မိတယ်။ ကိုင်တော့ “ပဲခူးက ကျနော့် သူငယ်ချင်းဖုန်းလားလို့ ဆက်ကြည့်တာပါ ခင်ဗျာ။ ဖုန်းနံပါတ် သေချာမမှတ်ထားမိလို့ သိမှတ်မိသလောက် နှိပ်ပြီးဆက်ကြည့်တာပါတဲ့။ ဘယ်ရောက်သွားလဲ။ ကိုယ်ကတော့ ဘယ်ရောက်လဲ မပြောလိုတာကြောင့် “ဖုန်းမှားနေတယ်”လို့ ဆိုပြီးချဖို့ လုပ်တယ်”
“ဒါပေမဲ့လည်း သူ့ရဲ့ ယဉ်ယဉ်ကျေးကျေးနဲ့ အကူအညီမဲ့နေတဲ့ လေသံကြောင့် ချက်ချင်း မချလိုက်ဘဲ ဆက်နားထောင်မိလျက်သား ဖြစ်သွားရာက သူဆက်ပြောလာတာတော့ “တောင်းပန်ပါတယ် ခင်ဗျာ ကျနော်တို့နယ်မှာ အင်တာနက်လည်း မရှိတော့ အကုန်လုံး ဘာမှမသိ ဖြစ်နေတာနဲ့ ဆက်မိတာပါတဲ့။ စိတ်ထဲတော်တော်လေး မကောင်းဖြစ်တာနဲ့ “ဘယ်နယ်ကလဲ” လို့ ဆက်မေးမိတယ်။ “ မြိတ်” နားကပါတဲ့”လို့ ပိုးမမှီသာက ပြောပါတယ်။
ဆက်လက်ပြီး “လူတွေ သေနေတုန်းပဲလားဗျာ”လို့ မေးတဲ့အပေါ် ရင်နာနာနဲ့ပဲ “ဟုတ်ကဲ့”လို့ ပြန်ဖြေခဲ့တယ်လို့ ပိုးမမှီသာက ဆိုပါတယ်။
“ဒီမှာတော်တော် လိုက်ဖမ်းနေတာဗျာ။ ယောက်ျားလေးတွေချည်း လိုက်ဖမ်းတာ ကျနော်တို့လည်း တော်တော် ပြေးနေရတယ်”တဲ့။ “အရင်က လိုင်းလေးရတော့ အကုန်သိရသေးတယ် အခုကဘာတွေ ဖြစ်နေလဲ မသိလို့ပါခင်ဗျာ” တဲ့။ ကိုယ်လည်း “ရန်ကုန်ကပါ ဆိုတဲ့အကြောင်း၊ လိုင်းရတဲ့သူတွေလည်း အားလုံးအတူတူ တင်ပေးပြီး ပြန်ရဖို့ ပြောနေကြကြောင်း၊ အားမငယ်ဖို့ အကျိုးအကြောင်း နည်းနည်းလေးတော့ ပြောပြဖြစ်လိုက်ပါတယ်”
“ဖုန်းလိုင်းတွေ စိတ်မချတာကြောင့် မပြောသင့်တဲ့၊ အန္တရာယ်ရှိနိုင်တဲ့ အချက်အလက်၊ သတင်း စကားလုံးတွေတော့ သတိထားပြီး ပြောပါတယ်။ ပြီးတော့ မေးသေးတယ်။ “လူတွေ သေနေတုန်းပဲလားဗျာ” တဲ့။ ရင်နာနာနဲ့ပဲ “ဟုတ်ကဲ့” လို့။ ဆိုလိုတာက သူပြောတဲ့ လိုက်ဖမ်းတယ်၊ မဖမ်းတယ်ဆိုတဲ့ အချက် မှန်၊ မမှန်ထက် တကယ် လိုက်ဖမ်းနေတယ်ဆိုလည်း အတော်ကို စိတ်ပူစရာပါ။ အင်တာနက်လိုင်း မရလို့ သတင်းအချက်အလက်တွေ ဘယ်လောက်ပြတ်တောက်နေပြီလဲ ဆိုတာပါ”လို့ ပိုးမမှီသာက ပြောပါတယ်။
Telecom Operator တွေကိုလည်း ပြည်သူတွေကို ကြည့်ပြီး ပြည်သူတွေနဲ့အတူ ကူညီ ရပ်တည်ပေးဖို့ ပိုးမမှီသာက တောင်းဆိုထားပါသေးတယ်။
“ဘယ်နယ်တွေ ဝေးလံတဲ့ နေရာတွေမှာ ဘယ်လိုအခြေအနေတွေ ဖြစ်နေမလဲ စိတ်ပူသွားတာ။ ဒီမှာဖြစ်နေတာတွေ CRPH နဲ့ သက်ဆိုင်ရာတွေရဲ့ သိသင့်တဲ့ သတင်းတွေ အားတက်စရာလေးတွေ အားလုံး အတူတူ ခုခံနေတယ်ဆိုတာတွေ၊ CDM တွေ အားကောင်းနေဆဲဖြစ်ပြီး အားမလျှော့လိုက်ဖို့တွေ သူတို့ မသိလိုက်ရမှာ အတော်လေး စိုးရိမ်သွားတာပါ”
“မိုဘိုင်းဒေတာတွေ အမြန်ဆုံးပြန်ရဖို့ အားလုံး အတူတူ ကြိုးစားပေးရဦးမယ်။ ပြန်ဖွင့်ပေးဖို့ မမေ့မလျော့ ဆက်တိုက် ဖိအားပေးရမယ်။ Telecom Operator တွေကိုလည်း ပြည်သူတွေကို ကြည့်ပြီး ပြည်သူတွေနဲ့အတူ ကူညီရပ်တည်ပေးဖို့ ဒီနေရာကနေပဲ တောင်းဆိုလိုက်ပါတယ်။ Mobile Data ပြန်ဖွင့်ပေးပါ” လို့ ပိုးမမှီသာက ပြောပါတယ်။
သရုပ်ဆောင် ပိုးမမှီသာကတော့ သူ့ရဲ့ အတွေ့အကြုံတွေကို လူမှုကွန်ရက် အကောင့်မှာ မျှဝေ ပြောပြထားတာ ဖြစ်ပြီး၊ ပိုးမမှီသာဟာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေသူ ဖြစ်ပါတယ်။
You may also like these stories:
ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းများကို ကိုယ်တိုင် သွားလှူပေးမယ့် အဆိုတော် ရှိုင်း
မြန်မာဆန္ဒပြသူတွေကို ထောက်ခံလိုက်တဲ့ မင်းသမီး Michelle Yeoh
လှိုင်သာယာရဲ့ လက်ရှိ မြေပြင် အခြေအနေကို ပြောပြတဲ့ သည်ခေတ်နေ