လက်ရှိ မြန်မာ့နိုင်ငံအရေးအပေါ် နိုင်ငံတကာက သိစေရန် အနုပညာရှင် တယောက်အနေနဲ့ ပြည်သူများနဲ့အတူ ရပ်တည်ပေးပြီး Speak Out လုပ်ပေးလျက်ရှိတဲ့ ပိုင်တံခွန်ဟာ နိုင်ငံသားတယောက်အနေနဲ့ မှန်တယ်ထင်လို့ လုပ်တာ အခန့်မသင့်ရင် အသတ်ခံရနိုင်ကြောင်း ပြောပါတယ်။
“အမြဲတမ်းလည်း ပြောတယ်။ ကျနော့် Page က မတင်ရင် ဘာသတင်းမှ မယုံဖို့၊ နိုင်ငံ့ဒုက္ခ ရောက်နေချိန်မှာ မလိုအပ်တာတွေ Page မှာ မမြင်စေချင်လို့ လက်ရှိဖြစ်နေတဲ့ နိုင်ငံ့အရေးနဲ့ ပတ်သက်ပြီး ကျနော် လုပ်ပေးနိုင်တဲ့ဘက်က ကြိုးစားလုပ်ပေးတယ်။ နိုင်ငံရေး နားလည်လို့ မဟုတ်ဘူး။နိုင်ငံသားတယောက်အနေနဲ့ လုပ်တာ ဘယ်သူ့ ခွင့်ပြုချက်မှ မပါဘဲကို မှန်တယ်ထင်လို့ လုပ်တာ။ အခန့်မသင့်ရင် အသတ်တောင်ခံရနိုင်တယ်။ သူများနိုင်ငံမှာ နေနေတာ မဟုတ်ဘူး”လို့ ပိုင်တံခွန်က ပြောပါတယ်။
နိုင်ငံရေးမကောင်းတာနဲ့ပဲ ဒေါသထွက်၊ နာကျည်းစိတ်နဲ့ အိမ်ထဲမှာ မနေနိုင်ဘူးလို့ ဆိုပါတယ်။

“နိုင်ငံရေး မကောင်းတာနဲ့ပဲ အိမ်ထဲနေပြီး ဒေါသထွက်လိုက် နာကျည်းလိုက် မုန်းတီးလိုက်နဲ့ တချိန်လုံး အဲ့စိတ်နဲ့ နေနေလို့ မရဘူးလေခင်ဗျာ။ ကိုယ်ရဲ့ ကိုယ်ပိုင်အချိန်နဲ့ ပျော်ရွှင်မှုဆိုတာကို ပြန်ပေးရသေးတယ်။ ဒါမှလည်း ရှေ့ဆက်ဖို့ အတွက် Energy ဆိုတာ ဖြစ်လာမှာ” လို့ ပိုင်တံခွန်က ပြောပါတယ်။
ဆက်လက်ပြီး “ကိုယ်ပိုင်အချိန် ဘာလုပ်လုပ်ပေါ့။ အပြင်ထွက်တာမကလို့ အရက်သောက်၊ သူငယ်ချင်းတွေနဲ့ မုန့်စား၊ ဘယ်သူ့မှ မထိခိုက်စေဘဲ ကြိုက်တာလုပ်၊ အဓိကက Energy ဖြစ်ဖို့ ခဏတာဖြစ်ဖြစ် ကိုယ့်စိတ် Relax ဖြစ်ဖို့ အရေးကြီးတယ်”လို့ ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၁၅ ရက်ကတည်းက မိုဘိုင်းအင်တာနက် ဖြတ်တောက်ထားမှုကိုလည်း ပိုင်တံခွန်က ပြန်လည်ဖွင့်ပေးရန် တောင်းဆိုထားပါသေးတယ်။
ပိုင်တံခွန်ဟာ စစ်အာဏာသိမ်းမှု၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု လုပ်ရပ်များကို ရှုတ်ချတဲ့ လူတယောက်အနေနဲ့ ပါဝင်နေတဲ့အတွက် စစ်ကောင်စီမှ ပိုင်တံခွန်အား ရှာဖွေဖမ်းဆီးဖို့အတွက် ကြိုးစားနေတဲ့အကြောင်းကိုလည်း လူမှုကွန်ရက် စာမျက်နှာများမှာ တွေ့မြင်ရပါတယ်။
You may also like these stories:
လှိုင်သာယာက ပြည်သူများကို တတ်နိုင်သလောက် ကူညီပေးတဲ့ သန္တာလှိုင်
မှားဝင်လာတဲ့ ဖုန်းနံပါတ်တခုကြောင့် စိတ်မကောင်းစရာ ကြုံခဲ့ရတဲ့ ပိုးမမှီသာ
ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းများကို ကိုယ်တိုင် သွားလှူပေးမယ့် အဆိုတော် ရှိုင်း