ကိုဗစ် ကာကွယ်ဆေးများ မြန်မာနိုင်ငံကို ရောက်လာပြီး မကြာခင်မှာပဲ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းမှု ကြုံခဲ့ရပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးကြတဲ့ပုံတွေ လူမှုကွန်ရက်မှာ တက်လာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားကို ပြန်ကြားယောင်မိတယ်လို့ Makeup Artist မေဦးက ဆိုပါတယ်။
“ဒီနေ့မနက် COVID ကာကွယ်ဆေး ထိုးကြတဲ့ပုံတွေ တက်လာတော့ ကျနော် အမေစု ပြောခဲ့တဲ့ စကားလေး ပြန်ကြားယောင်မိတယ်။ အမေ အကျယ်ချုပ် ကျနေစဉ်ကာလမှာ အမေ့ရဲ့ ရဲဘော်ရဲဘက် NLD အဖွဲ့အဝင်တွေဟာ ထောင်ထဲမှာ ရက်ရက်စက်စက် အနှိပ်စက်ခံရတဲ့အပြင် အစားအသောက် ဝဝလင်လင် မစားရဘဲ ဒုက္ခတွေကို ခံစားရခဲ့ပါတယ်တဲ့”
“ဒါကိုသိတဲ့ အမေစုက အမေ့ရဲ့ ရဲဘော်ရဲဘက် အဖွဲ့အဝင်တွေအတွက် သူမ အစာစားခါနီးတိုင်း အစားအစာကို မြင်နေရက်နဲ့ ချက်ခြင်းမစားဘဲ ဆာလောင်မွတ်သိပ်တဲ့ ဒဏ်ကို ကိုယ်ချင်းစာ ခံစားပြီးမှ အစားစားခဲ့ပါတယ်တဲ့။ နောက်ပြီး အမေ့ရဲ့အဖွဲ့ဝင်တွေ သေလုမျောပါး အနှိပ်အစက် ခံရတာကို ကြားတိုင်းလည်း နှိပ်စက်တာ လျော့ပါးအောင် အဆာအငတ်ခံ ဆန္ဒလည်း ပြခဲ့ပါသေးတယ်”လို့ မေဦးက ပြောပါတယ်။
ကိုဗစ် ကာကွယ်ဆေး ထိုးကြတဲ့သူတွေမြင်တော့ နွေးဦးတော်လှန်ရေးမှာ အသက် ပေးသွားတဲ့သူတွေရဲ့မျက်နှာကိုမှ မထောက် လုပ်ရက်တယ်လို့ ခံပြင်းမိကြောင်း မေဦးက ဆိုပါတယ်။
“ဒါကြောင့် ယခု COVID ကာကွယ်ဆေး ထိုးကြတဲ့သူတွေ မြင်တော့ ဪအမေ့ရဲ့အနစ်နာခံမှုတွေကို မစာနာ၊ နွေးဦးတော်လှန်ရေးမှာ အသက်တွေ ပေးသွားတဲ့သူတွေရဲ့မျက်နှာကိုမှ မထောက်၊ ထောင်ကျခံနေရတဲ့ လူပေါင်းများစွာရဲ့ဘဝကို မစာနာဘဲ လုပ်ရက်ကြလေခြင်းလို့ ခံပြင်းမိပါတယ်။ နောက်ဆုံး တချို့လူတွေအတွက် တခါတည်း ပြောလိုက်ပါ့မယ်”
“ငါတို့အမေ ရှာထားတဲ့ ဆေးဖြစ်လို့ ထိုးတာတို့၊ ဉာဏ်သုံးပြီး ဆေးထိုးကာ ပြန်တော်လှန်ချင်လို့တို့ ခေါင်းစဉ်တော့ မတက်ပါနဲ့ဗျာ။ ဘာဖြစ်လို့လဲဆို ကျနော်တို့က တလှေတည်းစီး တခရီးတည်းသွားပြီလို့ သတ်မှတ်လိုက်ရင် ဘယ်လိုပဲ လှိုင်းဒဏ်ခံရပါစေ၊ လှေမကောင်းလို့ လှေပေါက်နေပါစေ။ အကုန် အတူတူ ရုန်းထွက်ကြဖို့ စိတ်ကူးထားလို့ပါ”လို့ မေဦးက ပြောပါတယ်။
ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ ပြန်မရမချင်း COVID ကာကွယ်ဆေးကို မထိုးဘူးလို့ မေဦးက ဆိုပါတယ်။
“ဒါကြောင့် ကျနော် Makeup Artist မေဦးသည် ကျနော်တို့ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ ပြန်မရမချင်း အမေ့ရဲ့ကြိုးစားမှုကြောင့် ရလာခဲ့တဲ့ COVID ကာကွယ်ဆေးကို ကျနော် မထိုးတော့ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။ အရေးတော်ပုံ အောင်ရမည်”လို့ မေဦးက ပြောထားပါတယ်။
Makeup Artist မေဦးကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ ပြောပြထားတာ ဖြစ်ပါတယ်။ မေဦးဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွစွာ ပါဝင် ဆန္ဒဖော်ထုတ်နေသူ တဦးလည်း ဖြစ်ပါတယ်။
You may also like these stories:
လှိုင်သာယာက ပြည်သူများကို တတ်နိုင်သလောက် ကူညီပေးတဲ့ သန္တာလှိုင်
“မှန်တယ်ထင်လို့ လုပ်တာ၊ အခန့်မသင့်ရင် အသတ်ခံရနိုင်တယ်”လို့ ပိုင်တံခွန် ပြော
မတ်လ ၂၄ ရက်နေ့ “Silent Strike” မှာ လူညီကြဖို့ ပိုင်ဖြိုးသု တိုက်တွန်း