လက်ရှိ တော်လှန်ရေးကာလမှာ ပြည်သူအများစုဟာ စားဝတ်နေရေး အခက်အခဲ၊ အကျပ်အတည်းများနဲ့ ကြုံတွေ့နေကြရပါတယ်။ ဒီထဲမှာမှ ရုပ်ရှင်လောကသား ဇာတ်ပို့ ဇာတ်ရံများလည်း အပါအဝင် ဖြစ်ပါတယ်။
၂၀၂၀ ကိုဗစ်ကာလအတွင်း ရုပ်ရှင်လောကသားများရဲ့ စားဝတ်နေရေး အခက်အခဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးခဲ့သလို အခုကာလမှာလည်း အလှူရှင်များကို ဖိတ်ခေါ်ပေးစေလိုကြောင်း ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) က အကြုံပြုထားပါတယ်။
“မင်းသား၊ မင်းသမီးကြီးငယ်များနဲ့ ဇာတ်ပို့ဇာတ်ရံ အနုပညာရှင်တချို့ကလွဲလို့ ကျန်ရုပ်ရှင် လုပ်သားအများစုဟာ ရိုက်ကူးရေး မရှိရင် အဆင်မပြေကြတော့ပါ။ မမျှော်လင့်ဘဲ ဗီဒီယိုလောကပျက်သွားတော့ ဈေးရောင်းသူရောင်း၊ ကားမောင်းသူမောင်း၊ ရတဲ့အလုပ်နဲ့ ဘဝဒုက္ခတွေကို နည်းမျိုးစုံနဲ့ ကြိုးစား ရုန်းကန်နေကြရရှာပါတယ်”
“ကိုယ်တိုင်ကလည်း ကျန်းမာရေးကြောင့် အရင်လို သူတို့ကို အလုပ်မပေးနိုင်ပေမယ့် သူတို့နဲ့ တွေ့တဲ့အခါ ဒါမှမဟုတ် အကူအညီ တောင်းလာတဲ့အခါ ရှိတာကိုတော့ မျှဝေပေးခဲ့တယ်။ သူတို့လေးတွေကို သားသမီးအရင်းလို ချစ်တဲ့အတွက် အဆင်မပြေတဲ့အခါတိုင်း ကျနော့်ထံ ရောက်လာကြစမြဲပါ” လို့ ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) က ပြောထားပါတယ်။
မမျှော်လင့်ဘဲ တော်လှန်ရေးကာလ ကြုံလာကြချိန်မှာလည်း ပြည်သူများနဲ့အတူ အင်နဲ့အားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သူ့ဆီကိုလည်း ရက်ခြားလာရောက်ကြတာကြောင့် ရှိတာတွေ မျှဝေခဲ့တယ်လို့ ဆိုပါတယ်။
“အခုလို မမျှော်လင့်ဘဲ တော်လှန်ရေးကာလ စစ်ဘေးကြုံနေရတဲ့အချိန် သူတို့လေးတွေ အားလုံး နိုင်ငံအရေးမို့ ရှိသမျှ ထုခွဲရောင်းချ ဟန်မပျက် ဖြေရှင်းလို့ အင်နဲ့အားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ တလကျော်အချိန်မှာ သူတို့လေးတွေ ရက်ခြားဆိုသလို ကျနော့်ထံ ပုံစံမျိုးစုံနဲ့ ရောက်လာ ထုံးစံအတိုင်းလက်ထဲရှိသမျှ နီးပါးမျှဝေပေးခဲ့တယ်” လို့ ဒါရိုက်တာ မောင်ပြည့်ဝ (ပန်းဝေသီ)က ဆိုပါတယ်။
ဆက်လက်ပြီး “နောက်ထပ်ရောက်လာမယ့် ကလေးများအတွက် ပူရပြန်တယ်။ ပြီးတော့ မှန်းဆရခက်တဲ့တော်လှန်ရေး အခြေအဖြစ်အပျက် အချိန်တို့က အတိအကျ မခန့်မှန်းနိုင်ဆိုတဲ့ စိုးရိမ်စိတ်များနဲ့ တွေးပူမိပြီး အဆင်မပြေကြတဲ့ လောကသားအားလုံးအတွက် အခုလို သွားလာလို့ရတဲ့ အခြေအနေမှာ အရင် ကိုဗစ်ကာလ ကျော်ဖြတ်သလို ရုပ်ရှင်အစည်းအရုံးမှ ဦးဆောင်ကာ အလှူရှင်များ ဖိတ်ခေါ်လို့ ကူညီဖြေရှင်းပေးမယ်ဆိုပါက အားလုံးများစွာ ဝမ်းသာရမည်သာ”လို့ ဆိုထားပါတယ်။
ဒီလို အခက်အခဲများစွာ ရှိတာကြောင့် အခုလို အခြေအနေမှာ ရုပ်ရှင်အစည်းအရုံးမှ ဦးဆောင်ကာ အလှူရှင်များကို ဖိတ်ခေါ်၍ ကူညီဖြေရှင်းပေးစေလိုကြောင်း ပြောထားပါတယ်။
You may also like these stories:
အသံတိတ်သပိတ်မှာ ပါဝင်ဖို့ အနုပညာရှင်များ တိုက်တွန်းထား
တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ အလှူငွေများ သွားရောက် လှူဒါန်းခဲ့တဲ့ အဆိုတော် ရှိုင်း
“ကိုဗစ် ကာကွယ်ဆေး ထိုးကြသူတွေကို မြင်တာ ခံပြင်းမိတယ်”လို့ မေဦး ဆို