Entertainment

“ကလေးတွေကို သေနတ်နဲ့ ပစ်တာ ရင်ကွဲမတတ် ခံစားရတယ်”လို့ ပိုးအိအိခန့် ဆို

မြန်မာနိုင်ငံတဝှမ်းရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းရာမှာ ကလေးငယ်များ သေနတ် ထိမှန်ကာ သေဆုံးမှုများ ရှိခဲ့တဲ့အပေါ် သရုပ်ဆောင် ပိုးအိအိခန့်က ရင်ကွဲမတတ် ခံစားရတယ်လို့ ဆိုပါတယ်။

“ဒီနေ့ ကလေးတွေကို သေနတ်နဲ့ ပစ်ခံရတာ ကြည့်ပြီး ဒေါသတွေ အလူးလိုက် အလိတ်လိုက် ထွက်ရတယ်။ ရင်ကွဲမတတ် ခံစားရတယ်။ ကလေးတွေ သေနတ် မှန်တာကို ကလေးက ဘာလို့ အပြင်ထွက်တာလဲတို့၊ မိဘက လိုတာပေါ့တို့ဆိုတဲ့ ကိုယ့်ဘဝ ကိုယ့်အခြေအနေသာ ကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ ဉာဏ်တထွာ တမိုက်နဲ့ လူတွေရေ။ ကျမ ပြောပြမယ် သိလား။ မြန်မာပြည်မှာလေ လူတန်းစားမျိုးစုံ ရှိတယ်”

သရုပ်ဆောင် ပိုးအိအိခန့် (ဓာတ်ပုံ – Poe Ei Ei Khant’s Facebook)

“Facilities အပြည့်အစုံနဲ့ အပြင်ထွက်စရာ မလိုလောက်အောင် ပျော်စရာတွေနဲ့ ပြည့်နှက်နေတဲ့ အမြဲ အိမ်ထဲမှာပဲ နေနေကြတဲ့ ကလေးတွေ ရှိသလို၊ ဘာမှ ပြည့်ပြည့်စုံစုံ မရှိပါဘဲ အပြင်လောကကသာ သူတို့အတွက် ဆော့စရာလို့ သတ်မှတ်ရရှာတဲ့ ကလေးတွေလည်း ရှိတယ်။ အဲ့လို ကလေးလေးတွေက ဘာသိမှာလဲ၊ ထွက်ဆော့နေကျအတိုင်း ထွက်ဆော့နေမှာပဲ”လို့ ပိုးအိအိခန့်က ပြောပါတယ်။

ကလေးတယောက် လူလားမြောက်ဖို့ ခက်ခက်ခဲခဲ မွေးခဲ့ရတာကို ကျည်တတောင့်နဲ့ ပစ်သတ်ပစ်လိုက်တာ ကိုယ်ချင်းစာတရား ခေါင်းပါးကြသူတွေလို့ ဆိုပါတယ်။

သရုပ်ဆောင် ပိုးအိအိခန့် (ဓာတ်ပုံ – Poe Ei Ei Khant’s Facebook)

“ကလေးတွေလေဟာ။ နင်တို့ရဲ့ နှလုံးသားကြီးက ကြောက်စရာ ကောင်းလိုက်တာ။ ကလေးတယောက် လူလားမြောက်ဖို့ ဘယ်လောက် ခက်ခဲလဲဆိုတာ နင်တို့ကို မွေးထားတဲ့ အမေတွေကို မေးကြည့်ကြပါ။ ငါတို့ အမေတွေ အားလုံးမှာ ခက်ခက်ခဲခဲ မွေးခဲ့ရတာကို နင်တို့က ကျည်လေးတတောင့်နဲ့ ပစ်သတ်ပစ်လိုက်တယ်။ အသက်တွေ ပြည့်ပြီး ကိုယ်ချင်းစာတရား ခေါင်းပါးနေကြတဲ့သူတွေပါလား”

“မိခင်တယောက်အနေနဲ့ ဘယ် ကလေးပဲဖြစ်ဖြစ် တခုခုဖြစ်တာ မြင်ရင် ကိုယ့်သားသမီးလေးလို အရမ်း ခံစားရတယ်၊ ကိုယ်ချင်းလည်း စာတယ်။ ငါတို့သင်ခဲ့ရတဲ့ လူသတ်မှု ဥပဒေဆိုတာ နင်တို့တွေအတွက် မပါဘူး ဆိုတာ ငါအခုမှပဲ သိလိုက်ရတယ်။ ဘယ်လောက်တောင် တရားမျှတတဲ့ နိုင်ငံကြီးလဲဟာ။ ဝဋ်ကြွေးရှိရင်လည်း အမြန်ကျေပါစေတော့”လို့ ပိုးအိအိခန့်က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တာ ရက်ပေါင်း ၅၀ ကျော်ရှိပြီဖြစ်ပြီး၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူလူထုက စစ်အာဏာရှင် ဆန့်ကျင်ရေးကို အရှိန်အဟုန်နဲ့ ဆန္ဒပြလျက် ရှိပါတယ်။

You may also like these stories:

စစ်ကောင်စီရဲ့ လက်နက်ကိုင်များ ကလေးသူငယ်တွေကို ပစ်မှတ်ထားလာသလား

မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ

Loading