ကလေးငယ်များအား သေနတ်နဲ့ ပစ်ခတ်ခြင်းကို အနုပညာရှင်များ ရှုတ်ချ
မြန်မာနိုင်ငံတဝှမ်းရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များက လက်နက်နဲ့ အကြမ်းဖက် ဖြိုခွင်းရာမှာ ကလေးငယ်များ သေနတ် ထိမှန်ကာ သေဆုံးမှုများ ရှိခဲ့တဲ့အပေါ် အနုပညာရှင်များက လူမှုကွန်ရက် စာမျက်နှာများကတဆင့် ကန့်ကွက် ရှုတ်ချထားကြပါတယ်။

“ကျမတို့ အနာဂတ် ကြယ်ပွင့်လေးတွေ ဖြစ်တဲ့၊ အပြစ် မရှိတဲ့၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေကို ရက်စက်စွာ ပစ်သတ်ခြင်းအား ပြင်းထန်စွာ ရှုတ်ချပါတယ်။ ကလေးငယ်များကို ကိုယ်စားပြုသော၊ သက်ဆိုင်သော အဖွဲ့အစည်း၊ အလုပ်လုပ်နေသူများ အားလုံးလည်း ဝိုင်းဝန်းကန့်ကွက်ပေးကြပါ”လို့ အဆိုတော် နီနီခင်ဇော်က တောင်းဆိုထားပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးတွေကို ရက်စက်စွာ ပစ်သတ်နေမှုအား အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း မော်ဒယ် သန္တာလှိုင်က ရေးသားထားပါတယ်။

“အရွယ်မရောက်သေးတဲ့ ကလေးတွေကို ရက်စက်စွာ ပစ်သတ်နေမှုကို အပြင်းအထန် ကန့်ကွက် ရှုတ်ချပါတယ်။ ဒီနေ့ တရက်တည်းတင် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အပြင်းအထန် ထိခိုက်ဒဏ်ရာရ၊ ကျဆုံးနေတာ အများကြီး ရှိလာနေပါတယ်။ ကလေးနဲ့ သက်ဆိုင်သော အဖွဲ့အစည်း၊ အလုပ်လုပ်နေသူများ ဝိုင်းဝန်း ကန့် ကွက်ပေးကြပါ”လို့ သန္တာလှိုင်က ဆိုပါတယ်။
သူများနိုင်ငံက ကလေးတွေ ကမ္ဘာ့အဆင့်မီ စာတွေ သင်နေရချိန်မှာ မြန်မာနိုင်ငံမှာတော့ သွေးမြေကျနေရတယ်လို့ မော်ဒယ် အိန်ဂျယ်လမုန်က ဆိုပါတယ်။

“သူများနိုင်ငံမှာ ကလေးတွေက ကမ္ဘာ့အဆင့်မီ စာတွေ သင်နေရချိန်မှာ ဒီမှာ သွေးမြေကျနေရတယ်။ အနာဂတ်မှာ ရည်ရွယ်ချက်တွေအပြည့်နဲ့ လူငယ်တွေလည်း အခုလမ်းမပေါ် ရောက်ပြီး အသက်ပေးနေရပြီ။ တရက်တရက် ရင်ထဲမှာ နင့်နေအောင် ခံစားရတယ်။ ဘယ်လို ဖြေဆည်နိုင်မှာလဲ”လို့ အိန်ဂျယ်လမုန်က မေးခွန်းထုတ်ထားပါတယ်။
သရုပ်ဆောင် အလင်းရောင်ကလည်း အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ဘာအပြစ်များရှိလို့ လုပ်ရက်ကြတာလဲလို့ ဆိုထားပါတယ်။

“ဗစ်တိုးရီးယားလေး အမှုတုန်းက ကလေးငယ်လေးတွေအပေါ် လူမဆန်လိုက်ကြတာလို့ တွေးမိခဲ့ပါတယ်။ အခုတော့ ကလေးအရွယ်လေးတွေကိုပါ ပစ်သတ်နေကြပြီ။ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေက ဘာအပြစ်များရှိလို့ လုပ်ရက်ကြတာလဲဗျာ”လို့ အလင်းရောင်က ပြောပါတယ်။
လက်နက်ကိုင် အင်အားစုက ကလေးငယ်များကို သတ်ဖြတ်နေခြင်းဟာ လူ့အသက်များကို လုံးဝ အလေးမထားကြောင်းကို ပေါ်လွင်နေကြောင်း “Save the Children” က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တာ ရက်ပေါင်း ၅၀ ကျော် ရှိပြီ ဖြစ်ပြီး၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူလူထုက စစ်အာဏာရှင် ဆန့်ကျင်ရေးကို အရှိန်အဟုန်နဲ့ ဆန္ဒပြလျက် ရှိပါတယ်။
You may also like these stories:
R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး
မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ
အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ