Entertainment

အလှမယ် ဟန်လေးကို အနုပညာရှင်များ ဂုဏ်ပြုစကားဆို

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံမှာ မတ်လ ၂၇ ရက်နေ့က ပြုလုပ် ကျင်းပခဲ့တဲ့ “Miss Grand International 2020” ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဟန်လေးဟာ Top 20 အထိသာ ပါဝင်ခဲ့ပါတယ်။

အဲဒီပွဲမှာ အခွင့်အရေး တခုအနေနဲ့ “Stop The War & Violence” ခေါင်းစဉ်နဲ့ မြန်မာပြည်က လက်ရှိ စစ်အာဏာရှင်များရဲ့ အကြမ်းဖက်မှု အခြေအနေများကို ပြောခွင့်ရခဲ့ပါတယ်။ အဲဒီလို Speak Out လုပ်ခဲ့တဲ့ အလှမယ် ဟန်လေးကို အနုပညာ အသိုင်းအဝိုင်းမှ ဂုဏ်ပြုစကားများ လူမှုကွန်ရက်မှာ ရေးသားခဲ့ကြပါတယ်။

ကိုယ့်နိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အကောင်းဆုံး တင်ဆက် ပြောပြသွားနိုင်တဲ့ “Miss Grand Myanmar 2020” ဟန်လေးအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်တယ်လို့ ဥက္ကာမင်းမောင်က ရေးသားထားပါတယ်။

သရုပ်ဆောင် ဥက္ကာမင်းမောင် (ဓာတ်ပုံ – Okkar Min Maung’s Facebook)

“နိုင်ငံတကာ စင်မြင့်ထက်မှာ ကိုယ့်နိုင်ငံရဲ့ အခုဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ အကောင်းဆုံး တင်ဆက် ပြောပြသွားနိုင်တဲ့ Miss Grand Myanmar 2020 ညီမလေး ဟန်လေးအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောချင်ပါတယ်။ ကိုယ်ရရှိထားတဲ့ Crown နဲ့ နေရာနဲ့ အခွင့်အရေးကို ကောင်းကောင်း အသုံးပြုသွားနိုင်ခဲ့တဲ့ ညီမလေးရေ။ အစစအရာရာ အဆင်ပြေပါစေနော်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် Miss Grand International က ဟန်လေးကို စောင့်ရှောက် ကူညီပေးတာ ကျေးဇူး အများကြီးတင်တယ်လို့ ခင်ဝင့်ဝါက ရေးသားထားပါတယ်။

သရုပ်ဆောင် ခင်ဝင့်ဝါ (ဓာတ်ပုံ – Khin Wint Wah’s Facebook)

“အခုလို ကျမတို့ရဲ့ Miss Myanmar ကို စောင့်ရှောက် ကူညီပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ Miss Grand International အရာရာတိုင်းအတွက် ကျေးဇူးပါ ညီမလေးရေ။ အရေးတော်ပုံ အောင်တော့မှ မြန်မာပြည် ပြန်ခဲ့ဖို့ မှာချင်ပါတယ်။ အစစအရာရာ ဂရုစိုက်ပါနော်”လို့ ခင်ဝင့်ဝါက ပြောပါတယ်။

ဆက်လက်ပြီး ပိုးကြာဖြူခင်က ဆန်ခါတင် Top 20 ဝင်ခဲ့တဲ့အတွက်လည်း အရမ်းဂုဏ်ယူတယ်လို့ ရေးသားထားပါတယ်။

သရုပ်ဆောင် ပိုးကြာဖြူခင် (ဓာတ်ပုံ – Poe Kyar Phyu Khin’s Facebook)

“Thank you Miss Grand Myanmar ဟန်လေး၊ ယနေ့ မြန်မာပြည်အကြောင်း ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောကြားပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ ဆန်ခါတင် Top 20 ဝင်ခဲ့တဲ့အတွက်လည်း အစ်မ အရမ်းဂုဏ်ယူပါတယ်”လို့ ပိုးကြာဖြူခင်က ပြောထားပါတယ်။

မြန်မာ စစ်ကောင်စီ၏ ယုတ်မာမှုများနှင့် ပြည်သူများ သတ်ဖြတ်ခံနေရမှု၊ မတရား အသက်ဆုံးရှုံးနေရတဲ့ Video Clip များကို ပြသကာ ပြည်သူများကို ကယ်ရန် အသနားခံခဲ့တဲ့ ဟန်လေးကို ဂုဏ်ယူတယ်လို့ ညီနန္ဒက ဆိုပါတယ်။

သရုပ်ဆောင် ညီနန္ဒ (ဓာတ်ပုံ – Nyi Nanda’s Facebook)

“လေးစားစွာကျေးဇူးတင်ပါတယ် ညီမလေး။ ကမ္ဘာ့တတိယ အကြီးအကျယ် အခမ်းနားဆုံးဖြစ်ပြီး၊ စစ်ပွဲနှင့် အကြမ်းဖက်မှုများ ရပ်တန့်စေရန် ရည်ရွယ်တဲ့ Miss Grand Internationl ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ ကိုယ်စားပြု အလှမယ် ဟန်လေးဟာ အထူးအခွင့်အရေး တရပ် ရရှိခဲ့ပါတယ်”

“မြန်မာ စစ်ကောင်စီ၏ ယုတ်မာမှုများနှင့် ပြည်သူများ သတ်ဖြတ်ခံနေရမှု၊ မတရား အသက်ဆုံးရှုံးနေရတဲ့ Video Clip များကို စင်မြင့်ထက်မှ တကမ္ဘာလုံးက သန်းချီသော ကြည့်ရှုသူများကို ပြသကာ ငိုယိုပြီး မြန်မာပြည်သူ ပြည်သားများအား အမြန်ဆုံး ကယ်တင်ရန် အသနားခံ တောင်းဆိုခဲ့ပါတယ်။ ကျေးဇူးပါ Miss Grand International Org၊ Miss Myanmar ဟန်လေး Top 20 မင်းရဲ့ သတ္တိရှိမှုအတွက် ဂုဏ်ယူပါတယ်။ အရေးတော်ပုံ အောင်ရမည်”လို့ ညီနန္ဒက ပြောထားပါတယ်။

“Miss Grand International 2020” ဖိုင်နယ်ပြိုင်ပွဲမှာ အလှမယ် ဟန်လေးက Top 20 အထိ ဝင်ခဲ့ပြီး သရဖူကိုတော့ အမေရိကန်အလှမယ် Abena Appiah က ရရှိခဲ့ပါတယ်။

You may also like these stories:

အလှမယ် ဟန်လေးကို ထိုင်းအခြေစိုက် Miss Grand International မှ ကူညီထားမည်

စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကမ္ဘာသိအောင် ထုတ်ပြောတဲ့ အလှမယ် ဟန်လေး

သရဖူ ရောင်းစရာ မလိုဘဲ CRPH ကို တန်းလှူခွင့်ရလိုက်တဲ့ နှင်းသွေးယုအောင်

Did you find apk for android? You can find new Free Android Games and apps.
Loading