Entertainment

“အစ်မဖြစ်သူအတွက် သတိရတိုင်း ကုသိုလ် လုပ်ပေးမယ်”လို့ ထူးအယ်လင်း ဆို

Want create site? Find Free WordPress Themes and plugins.

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ အဆိုတော် ထူးအယ်လင်းရဲ့ အစ်မဖြစ်သူ မဥမ္မာရှိန် ကွယ်လွန်သွားခဲ့ပါတယ်။ အစ်မဖြစ်သူ ကွယ်လွန်သွားတဲ့အတွက် သတိရတိုင်း တတ်နိုင်တဲ့ ကုသိုလ်တွေ လုပ်ပေးမယ်လို့ ထူးအယ်လင်းက သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ ပြောဆိုခဲ့ပါတယ်။

“တနိုင်ငံလုံးမှာလည်း ဒီလို သောကတွေ များနေတာ။ ကျနော် အစ်မလည်း မြေချပြီးပြီ။ စိတ်လည်း မကောင်းဘူး။ ကျနော့် အစ်မဆို ဆန္ဒပြတဲ့ထဲလည်း မပါဘူး။ သူကိုယ်တိုင်ကလည်း နှလုံးရောဂါသည်၊ ကြည် ၂ ချက်ထိပြီး ဗိုက်ပေါက်ပြီး သေသွားတာ။ ကျနော် သတိရတိုင်းလည်း ကျနော် တတ်နိုင်တဲ့ ကုသိုလ် လုပ်ပေးမယ်။ ကျွတ်ထိုက် လွတ်ထိုက်သူတွေကိုလည်း အမျှဝေပေးမယ်”လို့ ထူးအယ်လင်းက ပြောပါတယ်။

ကုသိုလ်ရေးတွေ လုပ်နေရင်တောင် ဟန်ပြလုပ်နေတာလို့ ပြောရင် ရယ်ချင်တယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။

အဆိုတော် ထူးအယ်လင်း (ဓာတ်ပုံ – Htoo El Lynn’s Facebook)

“ကျနော် နိုင်တဲ့ဘက်ကပဲ ကျနော် နေထိုင်မယ်။ ကျနော်နိုင်တဲ့ဘက်က ဘာလဲဆို ကုသိုလ်ရေး လုပ်တာ ကျနော် အနိုင်ဆုံးပဲ။ စိတ်ပီတိ အချမ်းသာဆုံးပဲ။ ကျနော် ကုသိုလ်ရေးတွေ ပိုလုပ်ဖြစ်အောင် တွန်းအားပေးတာ ပရိသတ်ပဲ။ အရင်တုန်းကတော့ ထူအယ်လင်းက လုပ်ချင်တာ လုပ်တယ်။ အခု ကျနော် လုပ်သင့်တာပဲ ကျနော် လုပ်တယ်။ ကျနော် ကုသိုလ်ရေးတွေ လုပ်နေရင်တောင် ဟန်ပြလုပ်နေတာလို့ ပြောရင် ရယ်ချင်တယ်။ ကျနော် ဗုဒ္ဓဘာသာဝင် စစ်စစ်ပါ”လို့ ထူးအယ်လင်းက ပြောပါတယ်။

ပို့စ်တွေကို Share ပြီး အမျိုးစုံ ပြောကြတဲ့အပေါ် ထူးအယ်လင်းက သိပ်ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။

“ကျနော်ရဲ့ ပို့စ်တွေကို Share တယ်။ ပြီးရင် စစ်ခွေးတို့ ဘာတို့ ပြောကြတယ်။ ပြောပါလေ့စေ။ ကျနော် သိပ်ဂရုမစိုက်ဘူး။ ယုန်လေး အပေါင်းအပါ ပြောလည်း ကျနော် ဂရုမစိုက်ဘူး။ လူတိုင်း ကိုယ့်ခံယူချက်နဲ့ကိုယ် ရှိတယ်။ ကျနော် အထွေအထူး လိုက်ဆဲနေစရာ အကြောင်း မရှိဘူး။ ကျနော်က ပတ်ဝန်းကျင် နည်းနည်း ကျယ်ပြန့်တယ်။ ကျနော့် ညီမတွေက ပြည်သူနဲ့ တသားတည်း”

“ဆဲကြမယ်၊ ဆိုကြမယ်။ ဆဲပြီးတော့ ဘာလုပ်မလဲ။ ကျနော်ကတော့ မဆဲတော့ဘူး။ အရင်ကတော့ ဘော်ဒါတွေကို ဆဲဆဲဆိုဆိုနဲ့ ပြောတတ်တယ်။ အခုတော့ မဆဲတော့ဘူး။ ကျနော် အရင်ကသာ ပို့စ်တွေအောက် လိုက်ဆဲရင် ဆဲမယ်။ အခု နောက်ပိုင်း ဆဲဆိုခြင်း မလုပ်တော့ဘူး။ ဆဲတော့ ဘာထူးလာမလဲ။ အချိန်တန်ရင်တော့ ဝဋ်ဆိုတာ လည်တတ်ကြပါတယ်။ မြန်မာပြည်ကြီး အေးချမ်းပါစေ”လို့ ထူးအယ်လင်းက ပြောပါတယ်။

အဆိုတော် ထူးအယ်လင်းကတော့ အစ်မဖြစ်သူ မဥမ္မာရှိန် ဆုံးပါးသွားချိန်မှာ နယ်အဝေး တနေရာကို ရောက်နေတာကြောင့် အဲဒီဒေသမှာပဲ အစ်မအတွက် ရည်စူးပြီး ကုသိုလ်ရေး အလှူအတန်းများ ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။

You may also like these stories:

အလှမယ် ဟန်လေးကို အနုပညာရှင်များ ဂုဏ်ပြုစကားဆို

သရဖူ ရောင်းစရာ မလိုဘဲ CRPH ကို တန်းလှူခွင့်ရလိုက်တဲ့ နှင်းသွေးယုအောင်

ကလေးမြို့အတွက် Speak Out လုပ်ပေးကြဖို့ သက်မွန်မြင့် တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading