အဆိုတော်မီးနိုက အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ချက်ဖြင့် ကျဆုံးသွားရသူများ၊ ဒဏ်ရာရရှိသူများရဲ့ မိသားစုများထံ ပထမဆုံးအကြိမ်အဖြစ် ပရိသတ်များနဲ့ စုပေါင်းအလှူ ပြုလုပ်ခဲ့ပါတယ်။
“မီးနိုတို့တွေ မနေ့က နွေဦးတော်လှန်ရေးတိုက်ပွဲမှာ လှိုင်သာယာက ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတွေရဲ့ ကျန်ရစ်သူ မိသားစုများနဲ့ ဒဏ်ရာရရှိတဲ့ သူရဲကောင်း စုစုပေါင်း ၅ ဦးကို အလှူငွေကျပ် ၁၀၀,၀၀၀ ကျပ်စီ (စုစုပေါင်း ငါးသိန်းကျပ်) နှင့် ရာဘာကျည် မျက်လုံး ထိမှန်သွားတဲ့ တနှစ်အရွယ် သမီးလေးရဲ့ဆေးကုသ စရိတ်အတွက် သုံးနိုင်ရန် အလှူငွေ ၁၀၀,၀၀၀ ကျပ် လှူဒါန်းခဲ့ပါတယ်” လို့ မီးနိုက ပြောပါတယ်။
ဆက်လက်ပြီး “နောက်ထပ် မီးနိုတို့တွေ လှိုင်သာယာ၊ ဒိုင်စုရပ်ကွက် လိုအပ်နေတဲ့ အိမ်ထောင်စု (၁၀၀) အတွက် ဆန်၊ ဆီ၊ ကြက်သွန်နဲ့ ကြက်ဥ အခြေခံ စားသောက်ကုန်တွေကို လှူဒါန်းခဲ့ပါတယ်။ မီးနိုတို့အဖွဲ့နဲ့အတူ မီးနိုအသိ အစ်ကိုတယောက်ကလည်း တအိမ်ကို အလှူငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် အိမ်ထောင်စု (၁၀၀) အတွက် စုစုပေါင်း ဆယ်သိန်းကျပ် လှူဒါန်းပေးခဲ့ပါတယ်ရှင်”လို့ ပြောပါတယ်။
လှိုင်သာယာမှာ သွားလှူရင်းနဲ့ သမိုင်းဘက်မှ ကျဆုံးသွားတဲ့ ၁၆ နှစ်အရွယ် လူငယ်တယောက်ရဲ့ အိမ်ကိုဝင်ခဲ့ကြပြီး ကိုယ်တိုင် မခံစားနိုင်တော့တဲ့အတွက် အဆိုပါလူငယ်ရဲ့ မိခင်ဖြစ်သူနဲ့အတူ ငိုခဲ့တယ်လို့လည်း ဆိုပါတယ်။
“မနေ့က လှိုင်သာယာဘက်သွားလှူရင်း သမိုင်းဘက်ကို ဝင်ပြီး ကျဆုံးသွားတဲ့ ၁၆ နှစ်သား အိမ်ရောက်တော့ မီးနို ကိုယ်တိုင် မခံစားနိုင်တော့လို့ သူ့အမေနဲ့ ဖက်ပြီး ငိုခဲ့ရပါတယ်။ နိုင်ငံရဲ့အဖိုးတန်ဆုံးကြယ်တွေ ကြွေတာ အရမ်းကိုနစ်နာပါတယ်” လို့ မီးနိုက ပြောပါတယ်။
အဆိုပါလှူဒါန်းမှုဟာ သူ့ရဲ့ပရိသတ် မောင်နှမများနဲ့ ပထမဆုံးအကြိမ် စုပေါင်းလှူဒါန်းမှုဖြစ်ပြီး အလှူဖြစ်မြောက်ဖို့အတွက် ကူညီကြတဲ့သူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။
“မီးနိုရဲ့ ပထမဆုံးအကြိမ် စုပေါင်းအလှူလေးဟာဆိုရင် နွေဦးတော်လှန်ရေး တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ သူရဲကောင်းများ၊ အမှန်တကယ် လိုအပ်နေသူ မိဘပြည်သူများ၊ ကချင်စစ်ဘေးရှောင်မိဘပြည်သူများနဲ့ ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတို့ရဲ့ ကျန်ရစ်သူ မိသားစုတို့အတွက် ထိရောက်အောင် ကူညီနိုင်ခဲ့တာမို့ မီးနိုကို ယုံယုံကြည်ကြည်နဲ့ အလှူငွေ စုပေါင်းပါဝင် လှူဒါန်းပေးကြတဲ့ ပရိတ်သတ် မောင်နှမ တဦးတယောက်ချင်းစီကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါရစေရှင်”လို့ ပြောထားပါတယ်။
နောက်ထပ်လည်း အခါအခွင့်ကြုံတိုင်း စုပေါင်းအလှူများကို စီစဉ်ပေးဖို့ ရှိတာကြောင့် ပရိသတ်မောင်နှမများနဲ့ အတူတူ လှူဒါန်းခွင့်ရဖို့ မျှော်လင့်ပြီး ပြည်သူတွေရဲ့ အောင်ပွဲနီးလာပြီ ဖြစ်တဲ့အတွက် ဆက်လက် ကြိုးစားကြဖို့ကို မီးနိုက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဝေမျှထားတာ ဖြစ်ပါတယ်။
You may also like these stories:
“အစ်မဖြစ်သူအတွက် သတိရတိုင်း ကုသိုလ် လုပ်ပေးမယ်”လို့ ထူးအယ်လင်း ဆို
အလှမယ် ဟန်လေးကို အနုပညာရှင်များ ဂုဏ်ပြုစကားဆို
သရဖူ ရောင်းစရာ မလိုဘဲ CRPH ကို တန်းလှူခွင့်ရလိုက်တဲ့ နှင်းသွေးယုအောင်