“Miss Grand International” ပြိုင်ပွဲမှာ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုများ အကြောင်းကို ကမ္ဘာသိအောင် Speak Out လုပ်ပေးခဲ့တဲ့ အလှမယ် ဟန်လေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများက စုပေါင်းကာ ဂုဏ်ပြုပန်းစည်းနဲ့ ဂုဏ်ပြုငွေ ဟိုတယ်အထိ လာရောက် ပေးခဲ့ကြတယ်လို့ သိရပါတယ်။
“ဟန်လေးကို ထိုင်းနိုင်ငံရောက် မြန်မာတွေ စုပေါင်းပြီး ဂုဏ်ပြုတဲ့အနေနဲ့ ပန်းစည်းနဲ့ သူတို့ တတ်နိုင်တဲ့ဘက်က ပေါင်းပြီး ဂုဏ်ပြု ပိုက်ဆံလာပေးကြတယ်။ အရမ်း ကျေးဇူးတင်ပါတယ်။ ပိုက်ဆံ လက်ခံရမှာ အားနာပေမယ့် သူတို့အားလုံး စုပေါင်းပြီး ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာဆိုပြီး ဟိုတယ်အထိ လာပြီး တကူးတက လာသွားတာ”
“ဟန်လေး ဒီပိုက်ဆံတွေကို အကျိုးရှိတဲ့နေရာ၊ လှူဒါန်းရမယ့် နေရာတွေမှာ ပြန်ပြီး အကျိုးရှိရှိ သုံးပါမယ်ရှင်။ ဟန်လေးကို ထောက်ပံ့ပေးကြတာ ကျေးဇူးတင်ပါတယ်။ နောက်တခါဆိုရင်တော့ ဟန်လေး အလှူငွေ လက်မခံတော့ဘူးနော်။ ဟန်လေးအတွက်အစား မြန်မာနိုင်ငံကသူတွေအတွက် လိုအပ်တဲ့ နေရာတွေ ပိုလှူပေးကြပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဟန်လေးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နေ့စဉ် ဖြစ်ပျက်နေတဲ့ သတင်းတွေ၊ ပုံတွေရှိရင် နေ့စဉ် ပို့ပေးလို့ရတယ်လို့ ဟန်လေးက ဆိုပါတယ်။
“မြန်မာနိုင်ငံရဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ သတင်းတွေ၊ ပုံတွေရှိရင် ဟန်လေးကို နေ့စဉ် ပို့ပေးလို့ရပါတယ်။ ထိုင်း မီဒီယာတွေကနေတဆင့် နေ့စဉ် မြန်မာအကြောင်း Report လုပ်ပေးပါ့မယ်။ Mr.Nawat ကလည်း သတင်းတွေ သိရဖို့တွက် ဟန်လေးကို နေ့စဉ် Report လုပ်ပေးဖို့ ပြောထားပါတယ်”
“သတင်းဌာနတွေ ပိတ်ထားတဲ့အတွက် နိုင်ငံတကာကို နေ့စဉ် သတင်းမရောက်နိုင်မှာ စိတ်ပူနေကြတဲ့အတွက် နေ့စဉ် ဖြစ်နေတာတွေကို မီဒီယာကနေ တဆင့် သိခွင့်ရအောင် ဒီနေ့ကစပြီး သတင်းတွေ တင်ပေးပါ့မယ်။ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းဖို့ ဆုတောင်းပါတယ်။ အားလုံး ဂရုစိုက်ကြပါနော်”လို့ ဟန်လေးက ပြောပါတယ်။
“Miss Grand International 2020” ဖိုင်နယ်ပြိုင်ပွဲမှာ အလှမယ် ဟန်လေးက Top 20 အထိ ဝင်ခဲ့ပြီး၊ သရဖူကိုတော့ အမေရိကန်အလှမယ် Abena Appiah က ရရှိခဲ့ပါတယ်။
You may also like these stories:
အလှမယ် ဟန်လေးကို အနုပညာရှင်များ ဂုဏ်ပြုစကားဆို
အလှမယ် ဟန်လေးကို ထိုင်းအခြေစိုက် Miss Grand International မှ ကူညီထားမည်
သရဖူ ရောင်းစရာ မလိုဘဲ CRPH ကို တန်းလှူခွင့်ရလိုက်တဲ့ နှင်းသွေးယုအောင်