ပြည်သူများ စုပေါင်းကာ Federal Army ဖြစ်မြောက်ရေးအတွက် CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ) ကို ဝိုင်းဝန်းကာ တတ်နိုင်တဲ့ဘက်မှ လှူဒါန်းလျက် ရှိကြပါတယ်။
ဒီထဲမှာမှ ဒီဇိုင်နာ ဂမ် (Gam Htoi Lazing) ကလည်း Miss Universe Final ပွဲတုန်းက ပြိုင်ပွဲဝင် အလှမယ်များကို ဆင်ပေးခဲ့တဲ့ ညနေခင်း ဝတ်စုံတွေ ရောင်းပြီး လှူဒါန်းသွားမယ့်အကြောင်း အခုလိုပဲ ပြောခဲ့ပါတယ်။
“Miss Universe Final ပွဲတုန်းက ဆင်ထားပေးတဲ့ ညနေခင်း ဝတ်စုံလေးတွေ ရောင်းပါရစေ။ ရသမျှကို CRPH ကို လှူပါမယ်။ တစုံကို ကြမ်းခင်းဈေး ၃ သိန်းကနေ စ သတ်မှတ်ပါမယ်နော်။ Alvasscé Myanmar က တင်သွင်းတဲ့ ပိုးစများနဲ့ နှစ်ဖက်လှ ချုပ်ထားတာပါ”
“စုစုပေါင်း ၆ ထည် ရှိပါတယ်။ ၃ သိန်းနဲ့ ရောင်းရရင် ၁၈ သိန်း လှူနိုင်ပြီး၊ ၅ သိန်းရရင် သိန်း ၃၀ လှူနိုင်မှာပါ။ သူများလို ငွေအများကြီး မတတ်နိုင်လို့ မရှိရှိတာ ထုတ်ရောင်းပြီး လှူချင်လို့ပါ။ Medium, Small Size ၂ မျိုး Fitting ပြန်လုပ်ပေးပါမယ်နော်။ ကျေးဇူး အများကြီးတင်ပါတယ်”လို့ ဒီဇိုင်နာ ဂမ်က ပြောပါတယ်။
ဈေးတခု သတ်မှတ်ထားပေမယ့် သတ်မှတ်ထားတဲ့ဈေး မနိုင်ရင်လည်း ပေးနိုင်တဲ့ဈေးနဲ့ ရောင်းချပေးမယ်လို့ ဒီဇိုင်နာ ဂမ်က ဆိုပါတယ်။
“ဈေးတခု သတ်မှတ်ထားတာကြောင့် လိုချင်ပေမယ့် အခက်အခဲရှိတဲ့သူတွေ ငွေပမာဏ မနိုင်တဲ့သူတွေ၊ ဂမ်ရေ ဂမ့်အင်္ကျီလေး လိုချင်လိုက်တာ။ ဒါမှမဟုတ် သူငယ်ချင်းကို၊ ညီမလေးကို၊ ချစ်သူ ကောင်မလေးကို လက်ဆောင် ပေးချင်လိုက်တာ။ ဂမ် သတ်မှတ်ထားတဲ့ ဈေးတော့ မနိုင်လို့ ဘယ် လောက်ပဲ အဆင်ပြေပါတယ် ဆိုတဲ့ အစ်ကို၊ အစ်မများရှိရင် ပေးနိုင်တဲ့ ဈေးနဲ့ ရောင်းပေးပါ့မယ်”
“Personal အကျိုးအမြတ်အတွက် ရောင်းတာ မဟုတ်ဘဲ CRPH အလှူအတွက်မို့ မြန်မြန် လှူခွင့်ရချင်တာပါ။ ကျနော် ကိုယ်တိုင်ချုပ်တာပါ။ လုပ်အားနဲ့ အလှူငွေ သီးသန့် ပါဝင်ချင်လို့ပါ။ အင်္ကျီ မယူဘူး၊ အလှူပဲ သီးသန့်ဆိုတဲ့ ငွေများ လက်မခံပါနော်။ CRPH အတွက် အလှူခံပေးတာ မဟုတ်ဘဲ ကျနော့် ကိုယ်ပိုင်ဝင်ငွေလေး သီးသန့် လှူချင်လို့ပါ”လို့ ဒီဇိုင်နာ ဂမ်က ပြောထားပါတယ်။
ဒီဇိုင်နာ ဂမ် (Gam Htoi Lazing) ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လူမှုကွန်ရက် မီဒီယာမှာ Speak Out လုပ်ပေးနေတဲ့ ဒီဇိုင်နာ တဦး ဖြစ်ပါတယ်။
You may also like these stories:
အဆိုတော် အစ္စဏီ ပြန်လည် လွတ်မြောက်လာကြောင်း မိသားစု အတည်ပြု
ကုလသမဂ္ဂထံ အကူအညီ တောင်းခံလိုက်တဲ့ မြန်မာ့အလှမယ် ဟန်လေး
တိုင်းရင်းသား လက်နက်ကိုင်တွေကို မြို့ထဲ ဝင်လာခွင့်ပြုဖို့ ချမ်းချမ်း တောင်းဆို