မြန်မာနိုင်ငံမှာ စစ်ကောင်စီ အကြမ်းဖက် လက်နက်ကိုင်များရဲ့ မတရားပြုလုပ်မှုများကို ဆန့်ကျင်နေကြတဲ့ လူငယ်များအနေနဲ့ စိတ်ဓာတ်မကျဖို့နဲ့ တတ်နိုင်တဲ့ဘက်မှ အားကြိုးမာန်တက်နဲ့ တော်လှန်ကြဖို့ရည်ရွယ်ပြီး အမရာဘုန်းနဲ့ Daniel Saw တို့က “United” ဆိုတဲ့ သီချင်းကို ဖန်တီးထားပါတယ်။
“Amera တို့အားလုံး အခုဖြစ်နေတဲ့အရာတွေမှာ နေသားမကျသွားဖို့ လိုအပ်ပါတယ်။ နေ့စဉ် နေ့တိုင်း သူရဲကောင်းတွေ ကျဆုံးရတယ်။ လူ့အခွင့်အရေးတွေ အများကြီး ချိုးဖောက်ခံရတဲ့အရာမှာ နေသားမကျသွားဖို့ လိုအပ်ပါတယ်” လို့ အမရာဘုန်းက ပြောပါတယ်။
လူငယ်တွေအားလုံးမှာ အနာဂတ်ကိုယ်စီ၊ အိပ်မက်ကိုယ်စီ ရှိကြပြီး ရိုက်ချိုးဖျက်ဆီး လုယူခံခဲ့ရတာတွေကို ကိုယ်တိုင် တိုက်ယူရမယ်လို့ ဆိုပါတယ်။
“တို့လူငယ်တွေ အားလုံးမှာ အနာဂတ်ကိုယ်စီ ရှိကြပါတယ်။ အိပ်မက်ကိုယ်စီ ရှိကြပါတယ်။
ဒီအနာဂတ်တွေ၊ အိပ်မက်တွေကို ရိုက်ချိုးဖျက်စီးပြီး လုယူခံခဲ့ရတာတွေကို ကိုယ်တိုင် ပြန်တိုက်ယူမှရမှာဖြစ်ပါတယ်” လို့ အမရာဘုန်းက ပြောပါတယ်။
ဒါကြောင့် ဒီအချိန်မှာ စိတ်ဓာတ်ကျလို့ မရဘဲ တတ်နိုင်တဲ့ဘက်က အားကြိုးမာန်တက်နဲ့ ရတဲ့ နည်းဖြင့် တော်လှန် သပိတ်မှောက်ရမှာဖြစ်တဲ့အတွက် လူငယ်တွေအတွက် ရည်ရွယ်ပြီး “United” သီချင်းကို ဖန်တီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ဒီအချိန်မှာ အားလုံး စိတ်ဓာတ်ကျလို့ မရပါဘူး။ စိတ်ဓာတ်ကျရင် အရှုံးပါပဲ။ ဒါကြောင့် အားလုံးတတ်နိုင်သမျှ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အားကြိုးမာန်တက်နဲ့ ရတဲ့ နည်းမျိုးစုံနဲ့ တော်လှန်ရပါမယ်။ သပိတ် မှောက်ရပါမယ်။ လူငယ်တွေအတွက် ရည်ရွယ်ပြီး Amera နဲ့ ကို Daniel Saw နဲ့ ပေါင်းပြီး ဒီသီချင်းလေးကို ဖန်တီးထားပါတယ်”လို့ ပြောထားပါတယ်။
“လေရူးညတွေမှာ တိုက်ခတ်နေ၊ နွေဦးကောင်းကင်ဟာ အသက်မဲ့နေ၊ နာကျည်းချက်တွေနဲ့ အိုးခွက်တွေတီး ရှေ့ဆက်မည်။ ကြားကလူတွေ ဘေးကပ်နေ ငါတို့ တိုက်နေတာ အဓမ္မဟေ့” စတဲ့ စာသားများ ပါဝင်ပါတယ်။
စစ်အာဏာရှင်ကို တော်လှန်တဲ့ “နွေဦးတော်လှန်ရေး” မှာတော့ လူငယ်များဟာ အခန်းကဏ္ဍ တော်တော်များများမှာ ပါဝင်နေသလို လူငယ် အနုပညာရှင်များကလည်း ဂီတဖန်တီးမှုများဖြင့် ပုံဖော်လျက် ရှိပါတယ်။
You may also like these stories:
“ဘာသာတရားတိုင်းရဲ့ဘုရားတွေက အမှန်တရားကိုပဲ စောင့်ရှောက်ခဲ့ကြတာ”
ကိုယ်တိုင်ချုပ် ညနေခင်း ဝတ်စုံတွေ ရောင်းပြီး CRPH ကို လှူမယ့် ဒီဇိုင်နာ
အဆိုတော် အစ္စဏီ ပြန်လည် လွတ်မြောက်လာကြောင်း မိသားစု အတည်ပြု