သရုပ်ဆောင် မေတိုးခိုင်ကတော့ ပိုက်ဆံသွားထုတ်ဖို့ အပြင်ထွက်မိရင်း လမ်းတွေမှာ ကားတွေ စည်ကားပြီး၊ စားသောက်ဆိုင်တွေမှာ လူတွေ အပြည့်တွေ့မိတဲ့အပေါ် နေသားကျသွားကြပြီလားလို့ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ မေးခွန်းထုတ်ထားပါတယ်။
“ပိုက်ဆံသွားထုတ်တာ လမ်းမှာ ကားတွေ စည်ကားလိုက်တာ။ စားသောက်ဆိုင်တွေ လူတွေ အပြည့်၊ သြော် သူတို့ စိတ်မွန်းကျပ်လို့ ဒီနေ့ တရက်လေး ထွက်ရင်း တိုးတာနေမှာဆိုပြီး ပြန်ဖြေ။ တချို့ဆို ရယ်မော၊ သြော် ငါသူတို့ ရယ်မိတဲ့ တခဏလေးမှာ တွေ့မိတာနေမှာပါ စိတ်ပြန်ဖြေတယ်။ တကယ်လည်း အဲ့လို လူတွေ ရှိမှာပါ။ တကယ် အဲ့လိုဆို ကောင်းမှာပဲ။ ဒါပေမဲ့ တခါလည်းမဟုတ် တခါထွက် အခေါက်တိုင်း လူတွေ ပိုများတယ်”လို့ မေတိုးခိုင်က ပြောပါတယ်။
အသက်ပေးသွားကြတဲ့သူတွေ၊ နှိပ်စက်ခံ ဖမ်းဆီးခံထားရတဲ့သူတွေကို အားနာပါဦးလို့ မေတိုးခိုင်က ဆိုပါတယ်။
“နေသားကျ သွားကြပြီလား။ မနာကျည်းကြတော့ဘူးလား။ ကျဆုံးသွားသူတွေ၊ အဖမ်းခံရသူတွေ၊ မိသားစုတွေက ဒီလို အုပ်စုလိုက် ပျော်ပါးနေကြတာ မြင်ရင် စိတ်ထဲမှာ ဘယ်လို ခံစားရမလဲ။ စဉ်းစားကြပါဦး။ တကယ် ခံစားရလွန်းလို့ပါ။ သွေးမအေးကြပါနဲ့နော်။ တောင်းပန်ပါတယ်။ မပြီးဆုံးသေးဘူး”
“ဒါကြီးက မပေါ့ကြပါနဲ့။ အပြင်မှာ အသက်တွေ ရင်းပြီး တိုက်ပေးနေကြတဲ့သူတွေကို အားနာပါဦး။ အသက်ပေးသွားကြတဲ့သူတွေကို အားနာပါဦး။ နှိပ်စက်ခံ ဖမ်းဆီးခံထားရတဲ့သူတွေကို အားနာပါဦး”လို့ မေတိုးခိုင်က ပြောပါတယ်။
အားလုံး အတူတူ တိုက်ရမယ့် တိုက်ပွဲမို့ အားမလျှော့ဘဲ အားတင်းထားကြပါဦးလို့ မေတိုးခိုင်က ဆိုပါတယ်။
“ဒါအားလုံး အတူတူ တိုက်ရမယ့်တိုက်ပွဲ၊ နည်းနည်းလေးတောင် အားလျော့လို့ မရဘူး။ အားတင်းထားကြပါဦး။ ဖူးက အမြဲအားလျော့စေမယ့် စကားတွေ၊ စာတွေ တတ်နိုင်သလောက် ရှောင်ပါတယ်။ ဒါပေမဲ့ ဒါလေးတော့ တချို့ကို မြင်စေချင်လို့ပါ”လို့ ပြောပါတယ်။
ဆက်လက်ပြီး မေတိုးခိုင်က “အကုန်လုံးကို မဆိုလိုပါဘူး။ တွေ့တာ ပြောတာပါ။ နေသား မကျသွားဘူးဆိုတာလည်း ယုံတယ်။ အားတင်းထားပါ။ တခါတလေ အနားယူတာလည်း နားလည်နိုင်ပါတယ်။ အားမလျှော့ကြဖို့ပဲလိုတယ်”လို့ ပြောထားပါတယ်။
သရုပ်ဆောင် မေတိုးခိုင်ကတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမဖြစ်ပြီး၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွစွာ ပါဝင် ဆန္ဒဖော်ထုတ်နေသူ တဦးလည်း ဖြစ်ပါတယ်။
You may also like these stories:
Daniel Saw နဲ့ အမရာဘုန်းတို့ ဖန်တီးထားတဲ့ “United” Music Video
“ဘာသာတရားတိုင်းရဲ့ဘုရားတွေက အမှန်တရားကိုပဲ စောင့်ရှောက်ခဲ့ကြတာ”
ကိုယ်တိုင်ချုပ် ညနေခင်း ဝတ်စုံတွေ ရောင်းပြီး CRPH ကို လှူမယ့် ဒီဇိုင်နာ