အာဏာသိမ်း စစ်ကောင်စီက ပြည်သူတွေနဲ့ တသားတည်း ရပ်တည်လျက်ရှိတဲ့ အနုပညာရှင်နဲ့ Facebook တွင် နာမည် ကျော်ကြားသူများကို MRTV နှင့် မြဝတီ မီဒီယာများကနေ ည ၈ နာရီတိုင်း ဖမ်းဝရမ်းထုတ်ကြောင်း ကြေညာလျက်ရှိရာ အခုဆိုရင် အယောက် ၆၀ ခန့်ရှိလာပြီ ဖြစ်ပါတယ်။
ဒီလို ဖမ်းဝရမ်း ထုတ်ခံရတဲ့ အနုပညာရှင်များဟာ နောက်ဆုတ်မသွားကြဘဲ သူတို့ရဲ့ ရပ်တည်ချက်ကို ပိုမို ရှေ့ဆက် လုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။
“လုပ်သင့်လုပ်ထိုက်တာ၊ ပြောသင့်ပြောထိုက်တာတွေ ပြောခဲ့ရလို့ ပြည်သူတယောက်အနေနဲ့ ဘယ်တော့မှ နောင်တမရပါဘူး။ ကိုယ့်ခံယူချက် ပြည်သူ့အမှန်တရားကို တသားတည်း အမြဲသစ္စာ ရှိသွားပါဦးမယ်။ နေ့တိုင်း ဆုတောင်းပေးပါ့မယ်။ အားလုံး ဂရုစိုက်ကြပါရှင်။ ဘာလိုလိုနဲ့ ပိတောက်ပန်းတွေတောင် ပွင့်တော့မယ်။ နွေဦးလေးတို့ရယ်”လို့ ဖွေးဖွေးက ပြောထားပါတယ်။
သက်မွန်မြင့်က “ကျန်းမာရေးမကောင်းလို့ ဘာမှ မပါဝင်နိုင်ဘူးဆိုပြီး စိတ်မကောင်းဖြစ်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာ ပြည်သူနဲ့အတူဆိုတာ သူတို့က သက်သေပြလိုက်တာပါပဲ။ ပြည်သူအတွက် ပါဝင်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်” လို့ ပြောထားပါတယ်။
ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီရဲ့ ဖမ်းဝရမ်း စာရင်းထဲမှာ ပါဝင်လာတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကလည်း ဒီလို ပါဝင်လာဖို့ မျှော်လင့်ထားပြီးသားဖြစ်ပြီး အနုပညာရှင်တဦးအနေနဲ့တင်မကဘဲ နိုင်ငံသားတဦးအနေနဲ့ လုပ်ခဲ့တာဖြစ်တဲ့အတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။
“မျှော်လင့်ထားပြီးသားပါ။ အနုပညာရှင်တယောက်အနေနဲ့တင်မဟုတ် နိုင်ငံသားတဦးအနေနဲ့ကို တယောက်ချင်းစီ တာဝန်ရှိတယ်လို့ ယူဆလို့ နေ့စဉ် ကိုယ်လုပ်နိုင်သမျှ လုပ်ခဲ့တာဖြစ်တဲ့အတွက် မှန်ကန်တယ်။ နိုင်ငံသားကောင်း ပီသတယ်။ အနုပညာရှင်အနေနဲ့ ဂုဏ်ယူရတယ်လို့ အမြဲယုံကြည်ပါတယ်။ အားလုံး ဂရုစိုက်ပါ။ ကျနော်လည်း ဂရုစိုက်ပါမယ်။ အောင်ပွဲ အတူတူခံဖို့ ပြန်တွေ့ပါ့မယ်”လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
မော်ဒယ် နော်ဖောအယ်ထားကလည်း “အခုအချိန်ထိ ပြည်သူတွေနဲ့ တသားတည်းပါပဲ။ နော်ဖောလည်း ဂရုစိုက်ပါ့မယ်။ အားလုံးလည်း ဂရုစိုက်ကြပါ။ ပြန်တွေ့ကြမယ်နော်။ အရေးတော်ပုံ အောင်ရမည်” လို့ ပြောထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူများထဲမှ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ဝန်ထမ်းများ ပါဝင်လာစေရန် လှုံ့ဆော်သည်ဟုဆိုကာ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ကိုပေါက်၊ ဝိုင်း၊ ဏကြီး၊ အနဂ္ဂ စတဲ့ အနုပညာရှင် ၆ ဦးကို ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ဖမ်းဝရမ်း ထုတ်ပြီး ရက်ပိုင်းမှာပဲ လူမင်းကို လိုက်လံ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီနောက် ဧပြီ ၂ ရက်နေ့မှာ စစ်ကောင်စီပိုင် မီဒီယာများဖြစ်တဲ့ မြဝတီရုပ်သံမှာ အဆိုတော် Rဇာနည်၊ အိန္ဒြာကျော်ဇင်၊ သန္တာလှိုင်၊ မင်းမော်ကွန်း၊ ပိုင်ဖြိုးသု၊ ကျော်ကျော်နန္ဒ၊ ပိုပို၊ ရဲတိုက်၊ ခင်ဝင့်ဝါ၊ ချမ်းချမ်း၊ ချမ်းမြေ့မောင်ချို၊ မိတ်ကပ် မေဦး၊ မေတိုးခိုင်၊ မိတ်ကပ် မထက်၊ ဇင်သော်နိုင်၊ ဒေါက်တာ မြဝတ်ရည်၊ ကွီးလမင်း Laptop ဖြန့်ချိရေး၊ မေဇွန်ဝင်း (Travel Blogger)၊ ဖြိုးဖြိုးအောင် (Social Influencer)၊ ဒေါက်တာ သူရိန်လှိုင်ဝင်း တို့ကို ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ကြေညာခဲ့ပါတယ်။
ဧပြီလ ၃ ရက်နေ့မှာတော့ သရုပ်ဆောင် ဖွေးဖွေး၊ သက်မွန်မြင့်၊ ညီနန္ဒ၊ အောင်မြင့်မြတ်၊ ကော်နီ၊ Presenter ဇင်အောင်၊ နိုဗန်ထူး၊ ကျားပေါက်၊ ညီထွဋ်ခေါင်၊ ဝါဆိုမိုးဦး၊ ထက်အောင်ရှိုင်း၊ G Fatt၊ Kelvin Kate၊ စည်သူဝင်း၊ ဒေါ်နန်းမြတ်စော၊ မိတ်ကပ် မေဦးမောင်၊ ကျော်ရဲထွန်း (Ye Ye)၊ နှင်းသွေးယုအောင်၊ Mary နှင့် အိန်ဂျယ်လမုန် တို့ကို ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ကြေညာခဲ့ပါတယ်။
ဧပြီလ ၄ ရက်နေ့မှာတော့ သရုပ်ဆောင် အလင်းရောင်၊ မေမြတ်နိုး၊ နွယ်ဒါလီထွန်း၊ နော်ဖောအယ်ထား၊ မေမဒီ၊ အေးငြိမ်းဆွေ၊ ရန်ရန်ချမ်း၊ မင်းသွေးလျှံ၊ ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ ခြူးပန်းနွယ်၊ သက်ထားစုစံ၊ မေ၊ ညီညီထွန်း၊ ရန်နိုင်ဗိုလ်၊ ဒေါက်တာ ကျော်ကျော်စိုင်း၊ ဒေါက်တာ စိုင်းကောင်းထက်ဇော်၊ မေသူဝင်း၊ အိအိအောင်၊ ခင်ဆွေအေးနှင့် ခိုင်ဝေဝေဇင် တို့ကို ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း စစ်ကောင်စီမှ ထပ်မံ ကြေညာသွားပါတယ်။
ဒါ့အပြင် ဧပြီလ ၂ ရက်နေ့က အမှုဖွင့်ထားကြောင်း ကြေညာတဲ့ထဲမှာ ပါရှိတဲ့ သရုပ်ဆောင် ရဲတိုက်ကို ဧပြီလ ၃ ရက်နေ့ ညက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ ဖမ်းဆီးရမိခဲ့ကြောင်း MRTV က သတင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ရဲတိုက်ကို မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး၊ ဘုရင့်နောင် ရဲစခန်းမှ ရဲတိုက်အား မူး/စိတ် ပုဒ်မနဲ့ အမှု ဖွင့်ထားကာ လသာမြို့နယ် ရဲစခန်းကလည်း ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားကြောင်း သတင်းထဲမှာ ပါရှိပါတယ်။
You may also like these stories:
ကိုဗစ် ကာကွယ်ဆေး ထိုးတဲ့ အတွေ့အကြုံ ဝေမျှခဲ့တဲ့ ဥက္ကာမင်းမောင်
“အရေးတော်ပုံအောင်တဲ့အထိ လုပ်စရာရှိတာ ဆက်လုပ်နေမှာပါ”လို့ သန္တာလှိုင် ဆို
စစ်ဘေးရှောင်ဒေသများအတွက် လှူဒါန်းဖို့ သီချင်းရောင်းမယ့် Key Lashi