အာဏာသိမ်း စစ်ကောင်စီမှ နာမည်ကြီး အနုပညာရှင်အချို့ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ကြေညာခဲ့တဲ့အပေါ် သရုပ်ဆောင် ဥက္ကာမင်းမောင်က အနုပညာရှင်များအားလုံး ဘေးကင်းပါစေလို့ ဆိုပါတယ်။
“ဖမ်းဝရမ်းထုတ်ခံရတဲ့ အနုပညာရှင်များအားလုံး ဘေးကင်းပါစေ။ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပေးတဲ့အတွက် လေးစား ဂုဏ်ယူလျက်ပါ။ ထာဝရ အားပေးရမယ့်သူတွေပါ။ အားလုံး စစ်အာဏာရူးတွေရဲ့ ယုတ်မာ ကောက်ကျစ်စွာ ဖမ်းဆီးဖို့ ကြံစည်ခြင်း၊ အကြံပက်စက်ခြင်းမှ ကင်းဝေးပါစေ။ နိုင်ငံရေးလုပ်လို့ ဖမ်းကြေးဆို တနိုင်ငံလုံး ဝရမ်းပြေးဖြစ်ပြီ။ လူတိုင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိရပါမယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
အာဏာ အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို အနိုင်ကျင့်တာကြောင့် အာဏာသိမ်း စစ်ကောင်စီ မသေခင် ဝဋ်ကြီး၊ ဝဋ်ငယ် ပြန်လည် ခံစားရပါစေလို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။
“အာဏာ အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို အနိုင်ကျင့်တာ။ သူများ မိသားစု မျက်ရည်ပေါက် ကြီးငယ်ကျအောင် လုပ်တာ။ သေကွဲ၊ ရှင်ကွဲ ကွဲရအောင် လုပ်တာ။ ခင်ဗျားတို့တွေ မသေခင် ဝဋ်ကြီး ဝဋ်ငယ် ပြန်လည် ခံစားရပါစေ။ ပြည်သူတွေနဲ့ မျိုးဆက်သစ်တွေ တိုင်းပြည်ရဲ့ အနာဂတ် တိုးတက်ရေးတွေပဲ ရေစုန်မျောတော့မှာ။ သတ်မတော် သူပုန်အဖွဲ့ မပြုတ်မချင်း လုံးဝ အရှုံးမပေးဘူး”
“မင်းအောင်လှိုင် အာဏာ မစွန့်လွှတ်မချင်း ဒီအရေးတွေ ပြီးမှာ မဟုတ်ဘူး။ အခုကျတော့ သူ့ဘဝက ဆုပ်လည်းစူး စားလည်းရူးဆိုတော့ ရှေ့ဆက်တိုး။ အမေစု၊ သမ္မတကြီးနှင့် ဖမ်းဆီးခံရသူတွေ မလွတ်မချင်း ဒီအရေးတွေ ရပ်မှာလည်း မဟုတ်ဘူး”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ပြည်သူတွေရဲ့ အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ ခိုင်းသမျှ လုပ်တဲ့သူတိုင်းကိုလည်း အားလုံးကို ရွံတယ်လို့ ဥက္ကာမင်းမောင်က ပြောထားပါတယ်။
“ပြည်သူတွေရဲ့ အသက်သွေး၊ ချွေးတွေ စတေးပြီး သူတို့တွေ အာဏာရဖို့ ငွေရဖို့ စီးပွားရေးတွေလက်ဝါးကြီး အုပ်ဖို့ လုပ်ရက်ကြတာ ပျော်ရဲ့လား။ ဒင်းတို့တွေအားလုံး မသေခင် ဒုက္ခရောက်တာ ပြည်သူများ မျက်မြင်ကိုယ်တွေ့ တွေ့ရပါစေ ဆုတောင်းတယ်”
“အပြစ်မဲ့ ပြည်သူတွေကို ရက်ရက်စက်စက် သတ်နေတဲ့ မြန်မာ့ စစ်သတ် (စစ်တပ်) က ကောင်တွေလည်း ဦးနှောက်မရှိ ခိုင်းတိုင်းလုပ်တဲ့ လူသတ်သမားတွေချည်းပဲ။ အရှက်မရှိတဲ့ MRTV နဲ့ မြဝတီက ဝန်ထမ်းတွေနဲ့ ပါဝင်ရိုက်ကူးသူများ အားလုံး ရွံတယ်။ အရေးတော်ပုံ အောင်ရမည်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နေထိုင်တဲ့ ဥက္ကာမင်းမောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ ပို့စ်များ အဆက်မပြတ် တင်ပေးနေသူဖြစ်ပြီး၊ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာလည်း အားတက်သရော ပါဝင်နေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင် ၆၀ ခန့် ရှိလာ
ကိုဗစ် ကာကွယ်ဆေး ထိုးတဲ့ အတွေ့အကြုံ ဝေမျှခဲ့တဲ့ ဥက္ကာမင်းမောင်
“အရေးတော်ပုံအောင်တဲ့အထိ လုပ်စရာရှိတာ ဆက်လုပ်နေမှာပါ”လို့ သန္တာလှိုင် ဆို