စစ်ကောင်စီပိုင် မီဒီယာဖြစ်တဲ့ မြဝတီရုပ်သံမှာ ဧပြီ ၂ ရက်နေ့က သရုပ်ဆောင် မင်းမော်ကွန်း အပါအဝင် အနုပညာရှင်များ၊ Facebook တွင် လူသိများသူများကို ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ကြေညာခဲ့ပါတယ်။
ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ မင်းမော်ကွန်းက ကိုယ်တိုင် အခုချိန်ထိတော့ ဘေးကင်းနေပြီး၊ မြန်မာ့ ဒီမိုကရေစီအရေး၊ တရားမျှတရေးအတွက် တိုက်ပွဲဝင်ကြသူများ ဘေးရန်ကင်းကြပါစေလို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဆုတောင်းပေးထားပါတယ်။
“ကျနော် လိုင်းပေါ်မရှိတာ Wifi မရလို့ပါ။ အခုထိ ဘေးကင်းနေပါတယ်။ ၅၀၅-ကနဲ့ မတရား ဖမ်းဝရမ်း ထုတ်ခံရသူများ အပါအဝင် မြန်မာပြည် အရပ်ရပ်နှင့် နိုင်ငံတကာမှနေပြီး မြန်မာ့ ဒီမိုကရေစီအရေး၊ တရားမျှတရေးအတွက် တိုက်ပွဲ ဝင်ကြသူ အမှန်တရားဘက်တော်သား အပေါင်းလည်း ဘေးရန်ကင်းကြပါစေလို့ ဆုတောင်းပါတယ်”
“Wifi ပြတ်တောက်ခဲ့လို့ တချို့သတင်းတွေကို နောက်ကျမှ သိရတာတွေ ရှိပါတယ်။ ပထမဆုံးအနေနဲ့ကတော့ ကရင်စစ်ဘေးရှောင် ပြည်သူများအချို့ကို ကူညီဖို့ ခွင့်ပြုခဲ့တဲ့ ထိုင်းနိုင်ငံရဲ့အိမ်နီးချင်းကောင်းပီသမှုကို ကျေးဇူးတင်ပါတယ်။ တိုင်းရင်းသား ဒုက္ခသည်များအတွက် အကူအညီများစွာ နောက်ထပ် ရရှိဖို့ မျှော်လင့်ပါတယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။

သရုပ်ဆောင် ရဲတိုက် အဖမ်းခံရမှုမှာလည်း သက်သေ လုံးဝ မရှိတာကြောင့် အမှန်တရား ပေါ်ပေါက် ရေးအတွက် ရဲတိုက် ကိုယ်တိုင်ရဲ့ထွက်ဆိုချက်များကို သိခွင့်ရဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။
“သရုပ်ဆောင် ရဲတိုက် အဖမ်းခံရမှုမှာ သက်သေ (လုံးဝ) မရှိခြင်း၊ ကာယကံရှင် အဖမ်းဆီးခံရသူရဲ့ ထွက်ဆိုချက်များကို မသိရှိရဘဲ အမည်မဖော်လိုသူ ရဲတယောက်ရဲ့ ပြောကြားချက် တခုတည်းဖြင့် မူးယစ်ဆေး တွေ့ရှိမှုနှင့် ထပ်အမှုဖွင့်ခြင်းသည် တရားမျှတခြင်း မရှိဘူးလို့ ခံစားရပါတယ်။ ယူဆလို့ ရပါတယ်။ အလားတူ ဖြစ်ရပ်များ ရှိခဲ့ပါတယ်။ လှိုင်မှာ လူငယ် IT ပညာရှင် ၇ ယောက်ကို ဖမ်းတုန်းက Laptop တွေသာ မိခဲ့ပေမယ့် ဓာတ်ပုံရိုက် အမှုဖွင့်တော့ လက်နက်တွေ ပါနေပါတယ်”

“အမြင်ကတ်ရင် ကတ်သလောက် တပ်ချင်တဲ့ ပုဒ်မ အပိုတွေ တပ်ပြီး မတရား အရေးယူမှုများ ရှိခဲ့ကြသလို နောက်ထပ် ဖြစ်ပွားလာနိုင်စရာ အကြောင်းလည်း ရှိနေပါတယ်။ အရေးကြီးပါတယ်။ အမှန်တရား ပေါ်ပေါက်ရေးအတွက် ရဲတိုက် ကိုယ်တိုင်ရဲ့ထွက်ဆိုချက်များကို သိခွင့်ရဖို့ အရေးတကြီး လိုအပ်နေပါတယ်။ Speak out လုပ်ပေးကြပါဦး ခင်ဗျာ။ နောက်ထပ် ၅၀၅-ကနဲ့ အမှုဖွင့်ခံထားရတဲ့ The Myanmar Post ဂျာနယ် အယ်ဒီတာ ကိုဇင်သော်နိုင်ကိုလည်း ဧပြီ ၅ ရက်နေ့မှာ ထပ်မံ ဖမ်းဆီးထားပါတယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။
လက်ရှိ ရန်ကုန် သပိတ်စစ်ကြောင်းများဟာ လက်နက်အင်အား၊ လူအင်အား အလွန်အကျွံသုံးပြီး မတရား ဖိနှိပ်ခံရတဲ့အတွက် အားနည်းနေတဲ့အချိန် ဖြစ်တယ်လို့ မင်းမော်ကွန်းက ဆိုပါတယ်။

“လက်ရှိ ရန်ကုန် သပိတ်စစ်ကြောင်းများ လက်နက်အင်အား၊ လူအင်အား အလွန်အကျွံသုံးပြီး မတရားဖိနှိပ်ခံရတဲ့အတွက် အားနည်းနေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး စစ်ကောင်စီမှ ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်နေပါပြီ။ Defense Team လို့ အကြောင်းပြပြီး လူငယ် တော်တော်များများကို ဖမ်းနေပါတယ်။ သပိတ် ခေါင်းဆောင်များ၊ Defense team များ၊ CDM ဝန်ထမ်းများနှင့်ထောက်ပံ့သူများ၊ ပရဟိတ တက်ကြွ လှုပ်ရှားသူများ၊ အလှူရှင်များ၊ ဝရမ်းထုတ်ခံထားရသူများ အားလုံး လုံခြုံရေးအတွက် အထူးဂရုစိုက်ပြီး ရှောင်တိမ်းကြဖို့ သတိပေးပါတယ်”
“မတတ်သာလို့ အဖမ်းခံရတော့မယ်ဆိုရင်တောင် လူမြင်သာအောင် သက်သေ၊ အထောက်အထားတွေ ကိုယ့်ဘက်က ခိုင်ခိုင်လုံလုံ ရှိအောင် ကြိုပြင်ဆင်ထားရမယ့် အခြေအနေပါ။ မဟုတ်ရင်တော့ နောက်ထပ် အမှုတွေ အများကြီး ထပ်တိုးလာနိုင်ပါတယ်။ အားလုံးပဲ ဂရုစိုက်ကြပါ။ ဘေးကင်းကြပါစေ။ WiFi ရရင်ရသလို ပြန်တွေ့ပါဦးမယ်။ အတာသင်္ကြန် အခါသမယကိုတော့ မတရားမှုတွေကိုဆန့်ကျင်ရင်းနဲ့ပဲ ဂုဏ်သိက္ခာရှိရှိ ဖြတ်ကျော်ပါ့မယ်”လို့ မင်းမော်ကွန်းက ဆိုပါတယ်။
You may also like these stories:
CDM Heroes များကို လက်ခုပ်တီး ဂုဏ်ပြုပေးဖို့ အဆိုတော် Mary တောင်းဆို
“ကလေးတွေကို သေနတ်နဲ့ ပစ်တာ ရင်ကွဲမတတ် ခံစားရတယ်”လို့ ပိုးအိအိခန့် ဆို
စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကမ္ဘာသိအောင် ထုတ်ပြောတဲ့ အလှမယ် ဟန်လေး