Entertainment

“အမှန်တရားကို ဈေးဆစ်နေကြပြီဆိုရင် စစ်ကျွန်ဘဝက လွတ်ဖို့ ခက်မယ်”

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အခြေအနေများအပေါ် ပြည်ပရောက် မြန်မာနိုင်ငံသားလည်းဖြစ်၊ အဆိုတော် တဦးလည်းဖြစ်တဲ့ ဆောင်းဦးလှိုင်က လူအများဟာ မှန်ကန် ရဲရင့်ဖို့ လိုတယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အခုလိုပဲ ပြောခဲ့ပါတယ်။

“လူအများက မှန်ကန်ရဲရင့်ဖို့ လိုတယ်။ ကိုယ့်လူမှားရင် မှားတယ် ပြောရဲရမယ်။ ကိုယ့်လူမှန်ရင် မှန်တယ် ပြောကြရမယ်။ မိစ္ဆာတွေက ဘယ်တော့မှ မမှန်တာ အားလုံးသိတယ်။ မိစ္ဆာတွေထက် နည်းနည်း ပိုမှန်လို့ မမှားတမှားလေးမို့၊ မဆိုသလောက်လေး မှားတာပါတို့ ဆင်ခြေ မပေးကြပါနဲ့”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။

အမှားကိုဖုံးဖိ၊ အမှန်တရားကို ဈေးဆစ်နေကြပြီဆိုရင် စစ်ကျွန်ဘဝက လွတ်ဖို့ ခက်မယ်လို့ ဆောင်းဦးလှိုင်က ဆိုပါတယ်။

အဆိုတော် ဆောင်းဦးလှိုင် (ဓာတ်ပုံ – Song Oo Hlaing’s Facebook)

“မိမိ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ နည်းနည်း ဝေ့ဝိုက်နေတာ ပြဿနာ သိပ်မရှိပေမယ့် တိုင်းရေးပြည်ရေးမှာ ဝေ့လည်ကြောင်ပတ် လုပ်လို့ မရပါဘူး။ ဝေလေလေတွေ များနေလို့ မိစ္ဆာတွေ လူပါးဝရဲတာ။ တကယ် အားလုံးက ပြတ်သား ရဲရင့်ခဲ့ရင် မိစ္ဆာတွေ အာကျယ်ဖို့ အခွင့်အရေးတောင် ရခဲ့မှာ မဟုတ်ဘူး။ ကြောက်တတ်တာ လက်ခံတယ်။ အမှားကိုဖုံးဖိ၊ အမှန်တရားကို ဈေးဆစ်နေကြပြီဆိုရင် စစ်ကျွန်ဘဝက လွတ်ဖို့ ခက်မယ်”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။

ဆက်လက်ပြီး ဆောင်းဦးလှိုင်က တော်လှန်ရေးဆိုတာ အမှန်တရားအတွက် တိုက်ပွဲဝင်ကြတာလို့ ဆိုပါတယ်။

အဆိုတော် ဆောင်းဦးလှိုင် (ဓာတ်ပုံ – Song Oo Hlaing’s Facebook)

“တကယ်တော့ တော်လှန်ရေးဆိုတာ အမှန်တရားအတွက် တိုက်ပွဲဝင်ကြတာပါ။ ဒါကြောင့်လည်း အသက်ပေးခဲ့ရသူတွေထဲမှာ လူငယ်တွေ များတယ်။ လူငယ်တွေက ဖြူစင်စွာ ရဲရင့်ကြတာကိုး။ လူငယ်တွေကို ဦးစားပေး လက်တွဲဆောင်ရွက်ကြတာ အကောင်းဆုံးလို့ ယုံကြည်ပါတယ်”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။

ဆက်လက်ပြီး “တကယ်တော့ လူကြီးတွေညံ့လို့ လူငယ်တွေ ထိခိုက်နစ်နာနေရ၊ အသက်တွေပေးပြီး တော်လှန်နေရတာပါ။ ညံ့တဲ့ထဲ ကျနော်တို့လည်း ပါတယ်။ ကောင်းမွေထက် ဆိုးမွေများတဲ့ နိုင်ငံတော်မှာ လူငယ်တွေ တာဝန်ကျေကြရှာပါတယ်”လို့ ဆောင်းဦးလှိုင်က ပြောထားပါတယ်။

အဆိုတော် ဆောင်းဦးလှိုင်ကတော့ လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ အနုပညာရှင် တဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

တရုတ်ပစ္စည်းထက် ပြည်တွင်းဖြစ်ကို ပိုအားပေးကြဖို့ ထိုက်ထိုက် တိုက်တွန်း

ရဲတိုက် အဖမ်းခံရမှုအတွက် အမှန်တရား ပေါ်ပေါက်ဖို့ မင်းမော်ကွန်း တောင်းဆို

ပြည်သူနဲ့အတူ ရပ်တည်တဲ့ အနုပညာရှင်တွေအတွက် ဥက္ကာမင်းမောင် ဂုဏ်ယူ

Loading