အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ် အရေးယူထားတဲ့ စာရင်းမှာ ဧပြီလ ၅ ရက်နေ့က ပါဝင်ခဲ့တဲ့ သရုပ်ဆောင် မြတ်နိုးအေးက အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ သူ့ရဲ့လုပ်ရပ်အတွက် ဂုဏ်ယူမဆုံးဘူးလို့ ဆိုပါတယ်။
“နဂိုကတည်းက ဘာမဆို ကြောက်တတ်တဲ့ ကျမ၊ ကိုယ့်အလှည့်ရောက်လာရင် တော်တော် ကြောက်မိမယ် ထင်ထားခဲ့သမျှ တကယ့်တကယ် ကြုံလာရတဲ့အချိန် အမှန်တရားဘက်မှာ ရပ်တည်ခဲ့တဲ့ ကိုယ့်လုပ်ရပ်တွေကိုပဲ ဂုဏ်ယူမဆုံး ဖြစ်မိနေပါတယ်။ လိပ်ပြာလည်း လုံပါတယ်”လို့ မြတ်နိုးအေးက ပြောပါတယ်။
အဆိုပါ စာရင်းထဲ မပါလာခဲ့ရင်တောင် စိတ်ကောက်မိဦးမှာလို့ ဆိုပြီး၊ စိတ်ချမ်းသာစရာ ကောင်းမယ့် အနာဂတ်မှာ အားလုံးနဲ့ အတူတူ ပြန်တွေ့မှာဖြစ်တဲ့အတွက် ဘေးကင်းအောင်နေကြဖို့ ပြောခဲ့ပါတယ်။
“မပါလာခဲ့ရင်တောင် ဒီလောက်လုပ်ထားရက်နဲ့ကွာဆိုပြီး စိတ်ကောက်မိမှာပါ။ (ဤကား စကားချပ်)။ စိတ်ချမ်းသာစရာ ကောင်းမယ့် အနာဂတ်မှာ အားလုံး အတူတူ ပြန်တွေ့ကြရမှာမို့ အားလုံးလည်း ဘေးကင်းအောင် နေပေးကြပါ”လို့ မြတ်နိုးအေးက ပြောပါတယ်။
စိတ်ပူပေးကြတဲ့ တယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပြီး ဘေးကင်းအောင် ရှင်သန်ကြဖို့လည်း ပြောခဲ့ပါတယ်။ “စိတ်ပူပေးတဲ့ တယောက်စီအတွက် ကျေးဇူးပါ။ ဘေးကင်းအောင် ရှင်သန်ပါ့မယ်” လို့ မြတ်နိုးအေးက ပြောထားပါတယ်။
သရုပ်ဆောင် မြတ်နိုးအေးဟာ အာဏာသိမ်းအစိုးရကို စတင် ဆန္ဒပြခဲ့စဉ်ကတည်းက တတပ်တအား ပါဝင်ခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး အခုအချိန်ထိလည်း ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကနေ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။
အာဏာသိမ်း စစ်ကောင်စီမှ အနုပညာရှင်များနှင့် Facebook လူမှုကွန်ရက်တွင် နာမည် ကျော်ကြားသူ အချို့အား ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ဧပြီလ ၅ ရက်နေ့က ထပ်မံ ကြေညာခဲ့ရာ သရုပ်ဆောင် ဆုအိမ့်စံ၊ မြတ်နိုးအေး၊ သံသာမိုးသိမ့်၊ ခါရာ၊ ခင်နှင်းကြည်သာ၊ Patricia (စူးရှနိုင်)၊ သားငယ်၊ သဇင်နွယ်ဝင်း၊ Travel by Naw Htike၊ ဂျူလိုင်မိုး၊ စည်သူအောင်မြင့်၊ Mratt Kyaw Thu၊ နှင်းဆုပြုံး၊ ခင်နံ့သာ၊ သီတာအောင်၊ ဇေယျာထွန်း၊ ကျော်ဇေယျ၊ သန္တာမြင့်သူစိုး၊ ဇင်ဇေလွင်နှင့် ကျော်စွာဝင်းတို့ ပါရှိခဲ့ပါတယ်။
ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူများအား တရက်လျှင် အယောက် ၂၀ နေ့စဉ် ကြေညာလျက် ရှိပြီး အခုဆိုလျှင် အယောက် ၈၀ ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
You may also like these stories:
ပြည်သူနဲ့အတူ ရပ်တည်တဲ့ အနုပညာရှင်တွေအတွက် ဥက္ကာမင်းမောင် ဂုဏ်ယူ
စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင် ၆၀ ခန့် ရှိလာ
“အရေးတော်ပုံအောင်တဲ့အထိ လုပ်စရာရှိတာ ဆက်လုပ်နေမှာပါ”လို့ သန္တာလှိုင် ဆို