မကြာသေးခင် ရက်ပိုင်းက အီတလီနိုင်ငံမှာ ဒုတိယ ရင်သွေး မွေးဖွားခဲ့တဲ့ အဆိုတော် ချမ်းချမ်းဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ် အရေးယူထားတဲ့ စာရင်းမှာ ဧပြီလ ၂ ရက်နေ့က ပါဝင်ခဲ့ပါတယ်။
အဆိုတော် ချမ်းချမ်းက ဓမ္မနဲ့ အဓမ္မကြားမှာ အာဏာသိမ်းခံရတဲ့နေ့ စကတည်းက ပြတ်ပြတ်သားသား ဓမ္မကို ရွေးချယ်မိတာ ဘဝမှာ ဂုဏ်အယူဆုံးပဲလို့ ဆိုပါတယ်။
“ဒီနေ့ Facebook ပြန်သုံးလို့ရပြီ။ ၇ ရက် ပိတ်ခံရလို့ ဝမ်းမနည်းဘူး။ ဖမ်းဝရမ်း ထုတ်ခံရတာလည်း ဝမ်းမနည်းဘူး။ သေချာတာ တခုကတော့ ဓမ္မနဲ့ အဓမ္မကြားမှာ အာဏာသိမ်းခံရတဲ့နေ့ စကတည်းက ပြတ်ပြတ်သားသား ဓမ္မကို ရွေးချယ်မိတာကို ဘဝမှာ ဂုဏ်အယူဆုံးပဲ”
“ကိုယ့်အနုပညာ မောင်နှမတွေ ဖမ်းဝရမ်း ထုတ်ခံရပြီး ဖမ်းဆီးခံနေရတာကို မြင်နေကြားနေရတာ အရမ်းကို ခံပြင်းတယ်။ အခုလို မတရားတာတွေ ခံရလေလေ ကိုယ်တွေက ပိုပြီး စိတ်ဓာတ်တွေ ပြင်းထန်လေလေပဲနော်။ ဒီလောက်နဲ့ အလျှော့ပေးမယ့်အထဲမှာ ကျမတို့ အနုပညာသမားတွေ၊ ပြည်သူတွေ၊ CDM ဝန်ထမ်းတွေ မပါဘူး”လို့ ချမ်းချမ်းက ပြောပါတယ်။
အနုပညာရှင်တဦး အနေနဲ့ ပြည်သူနဲ့ တသားတည်း ရပ်တည်ချင်တာကြောင့် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ရောက်ရာနေရာကနေ အားဖြည့်ပေးချင်တဲ့ ဆန္ဒ တခုပဲရှိတယ်လို့ ချမ်းချမ်းက ဆိုပါတယ်။
“ဧပြီ ၁ ရက်နေ့ မှာ သမီးလေးကို မွေးတယ်။ ၂ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်ခံရတယ်။ အနုပညာရှင်ဆိုတာ ပြည်သူနဲ့ တသားတည်းဆိုတာ ဘယ်သူမှ ငြင်းစရာ မလိုပါဘူး။ တနည်းအားဖြင့် ပြည်သူတွေ မတရားခံနေရတဲ့အချိန်မှာ ပြည်သူထဲက ပြည်သူတယောက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ရောက်ရာနေရာကနေ အာဖြည့်ပေးချင်တဲ့ ဆန္ဒတခုပဲ ရှိတယ်။ အမှန်တရားအတွက် အတူ တွန်းလှန်မယ်။ အနာဂတ်ရဲ့ကလေးတွေအတွက် မိမဲ့ဖမဲ့ဖြစ်သွားတဲ့ သားတွေ၊ သမီးတွေအတွက် ဆက်ပြီး အားတင်းရှေ့ဆက်ကြရမယ်”လို့ ချမ်းချမ်းက ပြောပါတယ်။
ဆက်လက်ပြီး စစ်အာဏာရှင် လက်အောက် ပြန်မနေနိုင်တော့ဘူးလို့ ချမ်းချမ်းက ဆိုပြီး၊ မျက်စိပိတ် နားပိတ်လုပ်ခံရတာ နောက်မျိုးဆက်တွေရဲ့ ခေတ်မှာ ထပ်မရှိရတော့ဘူးလို့ ဆိုပါတယ်။
“စစ်အာဏာရှင် လက်အောက်တော့ ပြန်မနေနိုင်တော့ဘူး။ မျက်စိပိတ် နားပိတ်လုပ်ခံရတာ တို့တွေရဲ့ မျိုးဆက်တွေ ခေတ်မှာ ထပ်မရှိရတော့ဘူး။ တိုင်းပြည်အတွက် အသက်ပေး စတေးခဲ့တဲ့ သူရဲကောင်း သားတွေ၊ သမီးတွေ၊ ညီအစ်ကို၊ မောင်နှမတွေ အားလုံးကို အထူးလေးစား ဦးညွတ်ပါတယ်။ နွေဦးတော်လှန်ရေးအတွက် ပါဝင် အသက်ပေးခဲ့ကြသူတွေကို လေးစားပါတယ်။ ကောင်းကင်ဘုံမှာ ကျက်သရေ အရှိဆုံး လူသားတွေပါ”လို့ ချမ်းချမ်းက ပြောပါတယ်။
အခုအချိန်မှာ စိတ်ဓာတ်မကျအောင် တယောက်နဲ့ တယောက် အားပေးပြီး ကူညီသွားကြမယ်လို့ ချမ်းချမ်းက ဆိုပါတယ်။
“အခုအချိန်မှာ ဘယ်သူဘယ်ဝါရယ်လို့ မခွဲခြားဘဲ အတတ်နိုင်ဆုံး ကူညီကြမယ်နော်။ အဝေးရောက်နေသူတွေကလည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ Twitter တွေ၊ Instagram တွေကနေ ကူညီမယ်။ ငွေကြေး တတ်နိုင်သူတွေက CDM ပြည်သူ့ဝန်ထမ်းတွေကို ကူညီမယ်”
“စိတ်ဓာတ်မကျအောင် တယောက်နဲ့ တယောက် အားပေးကြရအောင်နော်။ မကြာခင် အမှန်တရားကအနိုင်ရတော့မှာပါ။ ယုံကြည်တယ်။ တတ်နိုင်သမျှ ဝရမ်းထုတ်ခံရတဲ့ ပြည်သူတွေ၊ အနုပညာရှင်တွေကို ကူညီ ကာကွယ်ပေးကြပါဦးနော်။ အရေးတော်ပုံ အောင်ရမည်”လို့ ချမ်းချမ်းက ပြောထားပါတယ်။
အဆိုတော် ချမ်းချမ်းကတော့ လက်ရှိမှာ အီတလီနိုင်ငံကို ရောက်ရှိနေပြီး၊ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လူမှုကွန်ရက် မီဒီယာကနေ Speak Out လုပ်ပေးနေတဲ့ အနုပညာရှင် တဦး ဖြစ်ပါတယ်။
You may also like these stories:
Beauty Blogger ဝင်းမင်းသန်းကို ဖမ်းဆီးရမိခဲ့တဲ့ BH ဟိုတယ်ရဲ့ ထုတ်ပြန်ချက်
Beauty Blogger ဝင်းမင်းသန်းအား တောင်ကြီးမြို့မှာ ရုံးထုတ်ခဲ့
အမှန်တရားဘက်မှာ ရပ်တည်ခဲ့တဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်ကြောင်း မြတ်နိုးအေး ပြော