Entertainment

“သတင်းအမှားတွေ တင်ပြီး ခြောက်လှန့်ခြင်း မပြုကြပါနဲ့”လို့ ပိုင်ဖြိုးသု ပြော

စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တတ်အားသရွေ့ ပါဝင်နေတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက အင်တာနက် လိုင်းတွေ မရတော့တာကြောင့် စိတ်ဓာတ် တက်ကြွအောင် အားပေးတဲ့စာတွေ ရေးတင်ဖို့ အဆင်မပြေတော့ဘူးလို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားလာပါတယ်။

“ဆရာလုပ်တာ မဟုတ်ပါဘူး။ ဉာဏ်မီသလောက် စဉ်းစားမိတာလေးပါ။ အခုချိန်မှာ တော်တော်များများ အင်တာနက် ကော်နက်ရှင်တွေ မရကြတော့ပါဘူး။ ခါတိုင်းပုံမှန် ပို့စ်တင်နေကြတဲ့သူ အားလုံးနီးပါးလည်း ၅၀၅ နဲ့ ဝရမ်းထုတ် ခံထားရတာနဲ့ ဝရမ်းမှာပါလာဖို့ ဖြစ်နိုင်ခြေ များတာနဲ့မို့ ပြေးရင်း ပုန်းရင်း အင်တာနက် သုံးရတာမို့ အရင်လို သတင်းတိုင်းကို မတင်နိုင်ကြသလို စိတ်ဓာတ် တက်ကြွအောင် အားပေးတဲ့စာတွေ ရေးတင်ဖို့ကလည်း အဆင်မပြေကြ‌တော့ပါဘူး”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

သတင်းအမှားတွေတင်ပြီး ခြောက်လှန့်ခြင်း မပြုကြပါနဲ့လို့လည်း ပိုင်ဖြိုးသုက ဆိုပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသု (ဓာတ်ပုံ – Paing Phyoe Thu’s Facebook)

“အဲဒီလိုအချိန်မှာ အနူးအညွတ် တောင်းပန်လိုတာက ငါ့အိမ်ကိုတော့ စစ်သားအင်အား ဘယ်နှစ်ယောက်နဲ့တောင် လာရှာတာ တအိမ်လုံးကို ဘယ်လို ဖျက်ဆီးသွားတာ။ တရပ်ကွက်လုံးကို နာမည်စာရင်းကြီးနဲ့ ဘယ်လို ပိုက်စိပ်တိုက် ရှာတာဆိုတဲ့ သတင်းအမှားတွေ တင်ပြီး ခြောက်လှန့်ခြင်း မပြုကြပါနဲ့”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ဆက်လက်ပြီး ပိုင်ဖြိုးသုက အခုချိန်ဟာ Follower များအောင် ကြိုးစားရမယ့်အချိန် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသု (ဓာတ်ပုံ – Paing Phyoe Thu’s Facebook)

“အခုချိန်မှာ ၅၀၅ နဲ့ ဝရမ်းထုတ်ခံရတာ၊ ရှာဖွေဖမ်းဆီးခံရတာတွေဟာ လူစိတ်ဝင်စားခြင်း ခံရဖို့အတွက် လက်မှတ် မဟုတ်ပါဘူး။ တကယ် ပုန်းနေပြေးနေရသူတွေကို အားနာပါ။ တကယ် မတရားဖမ်းဆီးခံရသူတွေကို သနားပါ။ သတင်းအမှားတွေက သတင်းအမှန်တွေကို ဖုံးလွှမ်းသွားရင်၊ လူတွေမှာ အကြောက်တရား စိုးမိုးသွားရင် ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး”

“နောက်တခုက ရည်ရွယ်ချက်ရှိရှိနဲ့ကို ပါတီပေး ပျော်မြူးနေကြတဲ့ ၂၀၁၉ လောက်က ပုံအဟောင်းတွေကို အခုလက်ရှိ ဖြစ်ပျက်နေသလို ဟန်ဆောင်တင်တာပါ။ အခုချိန်ဟာ Follower များအောင် ကြိုးစားရမယ့်အချိန် မဟုတ်ပါ။ မိမိ စီးပွားရေးလုပ်ငန်း အောင်မြင်ဖို့၊ Follower‌ တွေများဖို့ အရေးတော်ပုံအောင်မှ ကြိုးစားကြရအောင်ပါ”လို့ ပိုင်ဖြိုးသုက ပြောထားပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသုဟာ လက်ရှိမှာ ရှောင်တိမ်းနေရပေမယ့်လည်း ပြည်သူတွေအတွက် တတ်နိုင်တဲ့ ဘက်ကနေ သတင်းအချက်အလက်တွေ တင်ပေးနေသူ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုနဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးတို့ကို ပုဒ်မ ၅၀၅-ကနဲ့ စစ်ကောင်စီမှ အမှုဖွင့်ထားကြောင်း ကြေညာထားပါတယ်။

You may also like these stories:

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းများ မဟုတ်မှန်ကြောင်း နန်းခင်ဇေယျာ ဖြေရှင်း

ရဲတိုက် ရေးဆွဲထားတဲ့ ပန်းချီကားအား လေလံဆွဲ ရောင်းချမည်

အလှမယ် ဟန်လေး ဖမ်းဝရမ်း ထုတ်ခံရတယ်ဆိုတဲ့ သတင်း အမှားဟုဆို

Loading