စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်အားသရွေ့ ပါဝင်နေတဲ့ နိုင်ငံကျော် Makeup Artist မေဦးက အခုချိန်မှာ စိတ်ဝမ်းကွဲစေမယ့် အကြောင်းအရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီး လုပ်ဆောင်လာကြတဲ့အပေါ် သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ အခုလိုပဲ ထုတ်ပြောလာပါတယ်။
“အစက မပြောတော့ဘူးလို့ နေပေမယ့် အခုချိန်မှာ လူစုခွဲရုံ မဟုတ်ဘူး။ စိတ်ဝမ်းကွဲစေမယ့် အကြောင်းအရာတွေကိုပါ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီး လုပ်ဆောင်လာကြလို့ မေဦး တခု ပြောပြပါရစေ။ အခုချိန်မှာ အမှန်တရားဘက်က ရပ်တည်ရတာဟာ အမှန်တရားကို သိရုံ၊ သတ္တိရှိရုံနဲ့ မရပါဘူး”
“မေဦး ဓမ္မဘက်က ရပ်တည်ဖို့ ဆုံးဖြတ်တဲ့အခါ အိမ်အထိ ဝင်ရောက် ဖျက်စီးသွားခဲ့တာ၊ အထုပ်ကြီးငယ်နဲ့ မေဦးပိုင် ပစ္စည်းတွေကို သယ်ဆောင်သွားခဲ့တာ၊ TV မှာတော့ မေဦးအိမ်မှာ ဖျက်ဆီးရေး ပစ္စည်းတွေ တွေ့ပါတယ် ဆိုပြီး လုပ်ကြံစွပ်စွဲ ကြေညာတဲ့အထိ သူတို့ဘက်က လုပ်ဆောင်လာခဲ့ပါတယ်”
“ဒီလို လူတိုင်းမမြင်နိုင် မသိနိုင်တဲ့ ဖိအားအမျိုးမျိုးအပြင် နှောင်ကြိုးတွေနဲ့ ခြိမ်းခြောက် တဖက်သတ် ထွက်ဆိုခိုင်းတာတွေကိုလည်း အားလုံး သိရှိပြီးသားပါ”လို့ မေဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ရွေးချယ်ခွင့်အရ မဟုတ်ဘဲ မလွှဲမရှောင်သာ ရင်ဆိုင်လိုက်ရတဲ့သူတွေကို အပြစ်တင် ရှုတ်ချခြင်းထက် ဘုံရန်သူကို မမေ့ပစ်ကြဖို့ မေဦးက ဆိုပါတယ်။
“ဒါကြောင့် အခုချိန်မှာ ရွေးချယ်ခွင့်အရ မဟုတ်ဘဲ မလွှဲမရှောင်သာလို့ ရင်ဆိုင်လိုက်ရတဲ့သူတွေကို မေဦးတို့ အပြစ်တင် ရှုတ်ချနေခြင်းထက် အားလုံးရဲ့ ဘုံရန်သူနဲ့ အဓိက အကြောင်းအရင်းကို မေ့မပစ်ဘဲ ရောက်ရှိနေတဲ့ နေရာကနေ ရနိုင်သမျှ ဆက်လက် တိုက်ပွဲဝင်ကြဖို့ မေတ္တာရပ်ခံပါရစေ”
“မတူတာတွေ ဘေးဖယ်ပြီး တူညီတဲ့ ရပ်တည်ချက်အတွက် စိတ်ဝမ်းမကွဲဘဲ အားတင်း ရှေ့ဆက်ကြမယ်နော်။ အရေးတော်ပုံ အောင်ရမည်”လို့ မေဦးက ပြောပါတယ်။
ဆက်လက်ပြီး “အမှန်တရားအတွက် ရွေးချယ်ခဲ့ပြီးသားလမ်းကို ကျနော် အားလုံးနဲ့အတူ ဆက်လျှောက်သွားမှာပါ။ အင်တာနက် အခက်ခဲ ရှိနေလို့ အွန်လိုင်းမှာ အမြဲ မရှိတာ နားလည်ပေးပါ”လို့ မေဦးက ပြောထားပါတယ်။
Makeup Artist မေဦးဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တက်အားသရွေ့ ပါဝင်ကာ Speak Out လုပ်ပေးနေသူ တဦး ဖြစ်ပြီး၊ မေဦးအား ဧပြီလ ၂ ရက်နေ့က စစ်ကောင်စီမှ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
You may also like these stories:
စစ်ဘေးရှောင်တွေအတွက် နောက်ကွယ်ကနေ လှူဒါန်းပေးနေတဲ့ နော်မာသထူးဝါ
“သတင်းအမှားတွေ တင်ပြီး ခြောက်လှန့်ခြင်း မပြုကြပါနဲ့”လို့ ပိုင်ဖြိုးသု ပြော
လတ်တလော ထွက်ပေါ်နေတဲ့ သတင်းများ မဟုတ်မှန်ကြောင်း နန်းခင်ဇေယျာ ဖြေရှင်း