ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်း စစ်တပ်မှ ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်သို့ သွားရောက်ခဲ့တဲ့အပေါ် ဝေဖန်မှုများစွာ ခံနေရတဲ့ Makeup Artist ညီညီမောင် (စမ်းချောင်း) က အခုချိန်ထိ မည်သူ တဦးတယောက်ကိုမှ ဒုက္ခရောက်အောင် မလုပ်ခဲ့ဖူးသလို အများက စွပ်စွဲ ရေးသားနေကြသလို ဒလံ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ဒလံ ဒလံလို့ ပြောနေရအောင် လျှာပေါ်မြက်ပေါက်သွားပါစေ၊ ဘယ်တော့မှ ဒလံ မလုပ်ဘူးဆိုတာ ပြောပါရစေ။ ကိုယ့်ကြောင့် မည်သူတဦးတယောက်မှ အန္တရာယ် မကျဘူးလို့လည်း တိုင်းပြည်နဲ့ လူမျိုး ပျက်စီးအောင်လည်း တခါမှ မလုပ်ဖူးသလို ပြည်သူ တဦးတယောက်ကိုမှလည်း ဒုက္ခမပေးဖူးပါ။ ယနေ့ထက်တိုင် ဖေဖော်ဝါရီ တရက်နေ့တည်းကလည်း ပြည်သူနဲ့အတူ ပါဝင်လှုပ်ရှားခဲ့တာပါပဲ”
“ဒီအချိန်မှာ ဖိတ်ရင် မသွားဘဲ ဘယ်သူနေရဲမလဲ။ လူဆိုတာ ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ တွေ့မှ သိကြမှာပါ။ အခုရေးနေ ပြောနေသူတွေကိုလည်း မမုန်းပါဘူး။ ချစ်ကြလို့ သူတို့ဖြစ်စေချင်သလို မတွေ့ရလို့ စိတ်ဆိုးပြီး ရေးနေပြောနေကြတာပါ။ သု နေရာ ဝင်ကြည့်ရင် သူတို့ သဘောပေါက်သွားမှာပါ”လို့ မိတ်ကပ် ညီညီမောင် (စမ်းချောင်း) က ပြောပါတယ်။
“ကိုယ့်အိမ်မှာ အနုပညာရှင်တွေ၊ ကလေးတွေ ဝင်ပုန်းရင်တောင် စေတနာထားခဲ့တာ နေဖူးသူတွေ သိပါတယ်။ မယုတ်မာဖူးပါဘူး။ အခုချိန် အခုအခြေနေမှာတော့ ဘယ်သူမှလည်း မထိခိုက်ဘူး။ ကိုယ့်အတွက်လည်း အန္တရာယ်မဖြစ်အောင် သွားခဲ့တာပဲ ရှိပါတယ်။ ဘာရည်ရွယ်ချက်မှ မပါပါဘူး”
“သု နိုင်ငံရေး လုပ်တာလည်း အမေစုကို ချစ်လို့ပါ။ ဘယ်ပါတီ အရောင်မှ မပါပါဘူး။ အရာရာ စွန့်လွှတ်နိုင်တဲ့သူမို့ လေးစားတယ်၊ ချစ်တယ်။ တန်ဖိုးထားတယ်”လို့ ညီညီမောင် (စမ်းချောင်း)က ဆိုပါတယ်။
“လူဆိုတာ ကိုယ်ကြုံဖူးမှ ကိုယ်သိကြတာပါ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိတာပါ။ နားလည်ပေးရမယ့်အစား ပုံကြီးချဲ့ပြီး လူမှုရေး တိုက်ခိုက်တာတွေတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ နိုင်ငံရေးနဲ့ လှုမှုရေးတိုက်ခိုက်မှု ခွဲခြားနိုင်ပါစေ။ နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ လိုအင်ဆန္ဒ ပြည့်ဝကြပါစေ”လို့ ညီညီမောင် (စမ်းချောင်း) က ပြောပါတယ်။
ဆက်လက်ပြီး “ပုံဟောင်းလို့ လိမ်ခဲ့မိပါတယ်။ ကြောက်လို့ လိမ်ခဲ့မိတာပါ။ တောင်းပန်ပါတယ်ရှင်။ သု ဘယ်တော့မှ ဒလံ မလုပ်ပါ။ စမ်းချောင်းက ပြည်သူတဦးတယောက်မှလည်း အခုထိ သုကြောင့် ဒုက္ခမရောက်ဖူးပါ။ မေးကြည့်လို့ ရပါတယ်။ ကူညီပေးဖူးတဲ့သူတွေ သိပါတယ် တခါမှ မည်သူကိုမဆို မယုတ်မာခဲ့ဖူးပါ”လို့ ညီညီမောင် (စမ်းချောင်း)က ပြောထားပါတယ်။
You may also like these stories:
တူညီတဲ့ ရပ်တည်ချက်အတွက် စိတ်ဝမ်းမကွဲဘဲ ရှေ့ဆက်ကြဖို့ မေဦး ပြော
စစ်ဘေးရှောင်တွေအတွက် နောက်ကွယ်ကနေ လှူဒါန်းပေးနေတဲ့ နော်မာသထူးဝါ
နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာ ဖျော်ဖြေပေးမယ့် ဆောင်းဦးလှိုင်