Entertainment

၂၀၂၁ သင်္ကြန်တွင်း ဘယ်နေရာမှာမှ သီချင်းမဆိုခဲ့ဘူးလို့ ဟဲလေး ပြော

Want create site? Find Free WordPress Themes and plugins.

အဆိုတော် ဟဲလေးက ၂၀၂၁ သင်္ကြန် တတွင်းလုံး ဘယ်နေရာကိုမှ သွားရောက် မဖျော်ဖြေခဲ့ပေမယ့် မှားယွင်းစွာ စွပ်စွဲခံနေရတဲ့အပေါ် အမှန်တရားဖြစ်အောင် ပြန်ပြုပြင် ကူညီပေးကြပါလို့ ဆိုပါတယ်။

“ကျနော် အများကြီး သည်းခံခဲ့ပါတယ်၊ တော်တော် များလာလို့ပါ။ ကျေးဇူးပြုပြီး ဟဲလေး နည်းနည်းရင်ဖွင့်ပါရစေ။ ဘယ့်နှယ်ဗျာ ၂၀၂၁ သင်္ကြန် တတွင်းလုံး အိမ်ထဲက အိမ်ပြင်တောင် မထွက်ခဲ့တဲ့ ကျနော့်ကိုမှ ဘယ်သတ္တဝါက လက်သရမ်းပြီး နာမည်စာရင်းထဲ ထည့်လိုက်တာတုန်း။ အခုလို အချိန်မျိုးမှာ သူတပါး နစ်နာအောင် မလုပ်ပါနဲ့၊ ပိုမလုပ်ကြပါနဲ့”

“အမှန်တရားကို ချစ်ရင် ကျနော့်ကို မှားပြီး စွပ်စွဲခံခဲ့ရတာကို အမှန်တရားဖြစ်အောင် ပြန်ပြုပြင် ကူညီပေးကြရင် ပိုမကောင်းဘူးလားဗျာ။ ချင့်ချိန် ယုံပေးကြပါ။ ၂၀၂၁ သင်္ကြန်မှာ ကျနော် ဘယ်နေရာမှာမှ သီချင်း မဆိုခဲ့တာ ကိုယ့်ကိုယ်ကိုယ် ၁၀၀ ရာခိုင်နှုန်း အာမခံပါတယ်ဗျ။ ရမ်းမတုတ်ကြပါနဲ့။ ရောမကြိတ်ကြပါနဲ့။ ကျေးဇူးပြုပြီး ချောက်ထဲကို တွန်းမပို့ကြပါနဲ့”လို့ ဟဲလေးက ပြောပါတယ်။

ဆက်လက်ပြီး ဟဲလေးက အမှန်တကယ်သာ သီချင်းဆိုခဲ့ရင် သက်သေနဲ့တကွ ပုံတွေ တက်လာမှာဖြစ်ပြီး၊ ယခုအခါမှာတော့ အရင်ပုံအဟောင်းတွေနဲ့ မှားယွင်းစွာ ပြောဆိုနေကြတာလို့ ဆိုပါတယ်။

အဆိုတော် ဟဲလေး (ဓာတ်ပုံ – He’ Lay’s Facebook)

“အမှန်တကယ်သာ သွားပြီး ကျနော် သီချင်းဆိုခဲ့ရင် သက်သေနှင့်တကွ ပုံနှင့်တကွ တက်လာမှာပဲလေ။ တခုတော့ ရှိတာပေါ့။ ပုံဟောင်းတွေနဲ့ ရောကြိတ်တာ၊ ရောကြိတ်ခံရတဲ့ ပုံလေးကလည်း ဆံပင်လေးကို နဖူးလေးပေါ်ဝဲလို့။ ၂၀၂၁ မှာ ကျနော့်မှာ ဆံပင် မရှိတော့ဘူးလေ”

“ဂီတလောကမှာ နာမည်တလုံးကို အနှစ်၂၀ ကျော် အေးချမ်းစွာနဲ့ အမှားကင်းအောင် တည်ဆောက် ထိန်းသိမ်းခဲ့ရတာပါ။ အထင်မမှားကြပါနဲ့။ ကိုယ်ချင်းစာပေးပါဗျာ။ မဟုတ်ဘဲနဲ့ ခံရတဲ့သူတွေမှာ အရမ်းကို နစ်နာလှပါတယ်။ အရမ်းနာကျင်ရပါတယ်။ အရမ်းဆုံးရှုံးရပါတယ်။ ထပ်ပြောချင်ပါသေးတယ်ဗျာ။ ၂၀၂၁ သင်္ကြန် ဘယ်နေရာမှာမှ ကျနော် ဟဲလေး သီချင်းမဆိုခဲ့ပါဘူး”လို့ ပြောပါတယ်။

နောက်ထပ် ဒီကိစ္စကို ဘယ်တော့မှ ထပ်မံ ဖြေရှင်းတော့မှာ မဟုတ်ဘဲ အချိန်နဲ့ အမှန်တရားက စကားပြောပါလိမ့်မယ်လို့ ဟဲလေးက ဆိုပါတယ်။

“နောက်ဘယ်တော့မှ ဒီကိစ္စ ထပ်မရှင်းတော့ဘူးနော်။ အချိန်နဲ့ အမှန်တရားက စကားပြောပါလိမ့်မယ်။ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော် ချစ်ခင် တန်ဖိုးထားတဲ့ ပရိတ်သတ်များ၊ သူငယ်ချင်းမိတ်ဆွေ အပေါင်းများ ခင်ဗျာ။ ကျနော် ရင်ဖွင့်တာလေး စိတ်ရှည်လက်ရှည် ဖတ်ပေးကြလို့ ကျေးဇူး အမှည့်ကြီးပါဗျာ”လို့ ဟဲလေးက ပြောထားပါတယ်။

အဆိုတော် ဟဲလေးက အဆိုပါ အကြောင်းအရာများကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကတဆင့် ရေးသား ဖြေရှင်းခဲ့တာဖြစ်ပြီး၊ ယခုနှစ် ၂၀၂၁ သင်္ကြန်တွင်းမှာ စစ်တပ် သင်္ကြန်ပွဲသို့ အနုပညာရှင်အချို့ သွားရောက် ဖျော်ဖြေခဲ့တဲ့အပေါ် ဝေဖန်မှုများစွာ ရှိနေတာ ဖြစ်ပါတယ်။

You may also like these stories:

သင်္ကြန်ပွဲ သွားခဲ့တဲ့အပေါ် ညီညီမောင် (စမ်းချောင်း) ပြန်ဖြေရှင်း

တူညီတဲ့ ရပ်တည်ချက်အတွက် စိတ်ဝမ်းမကွဲဘဲ ရှေ့ဆက်ကြဖို့ မေဦး ပြော

စစ်ဘေးရှောင်တွေအတွက် နောက်ကွယ်ကနေ လှူဒါန်းပေးနေတဲ့ နော်မာသထူးဝါ

Did you find apk for android? You can find new Free Android Games and apps.
Loading