ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လူမှုကွန်ရက်မှာ Speak Out လုပ်ပေးနေတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက ဘဝမှာ အလိုချင်ဆုံးက နောင်တ နည်းနိုင်သမျှ နည်းအောင် နေခြင်းပါလို့ ဆိုပါတယ်။
“ဆရာလင်္ကာရည်ကျော်ရဲ့ “နေဝင်အိပ်တန်းတက်” ဝတ္ထုထဲမှာပါတဲ့ concept လေးတခု ကျမ အရမ်းသဘောကျတာ ရှိပါတယ်။ ဘဝရဲ့နောက်ဆုံးအချိန်မှာ နောင်တ နည်းနိုင်သမျှ နည်းအောင် နေနိုင်ခဲ့တဲ့လူက အောင်မြင်သော ဘဝကို ပိုင်ဆိုင်တယ်လို့ သတ်မှတ်လို့ရတယ်တဲ့”
“ကျမ အဲဒီစာလေး ဖတ်မိပြီးကတည်းက အမြဲ ခဏခဏ ပြောတတ်တယ်။ ဘဝက တိုတိုလေး မနက်ဖြန် သေမလား၊ သဘက်ခါ သေမလား မသိတာကို မသေခင် ငါကတော့ ဘယ်သူ့အပေါ် ဘယ်လို မကောင်းကြံဖူးခဲ့တယ်။ ဘယ်သူကတော့ ငါ့ကြောင့် ဒုက္ခတွေ ရောက်ခဲ့ရတယ်ဆိုတဲ့ နောင်တကြီးနဲ့ မသေချင်ဘူး”လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။
ဘဝမှာ ထိပ်ဆုံးထိ ရောက်အောင် မအောင်မြင်ရင်လည်း နေပါစေ၊ မချမ်းသာရင် နေပါစေ၊ နောင်တတွေနဲ့ မသေချင်ဘူးလို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

“ဘဝမှာ ထိပ်ဆုံးထိ ရောက်အောင် မအောင်မြင်ရင်လည်း နေပါစေ။ ပိုက်ဆံတွေ မချမ်းသာရင်လည်းနေပါစေ။ သေခါနီးတော့ နောင်တတွေနဲ့ မသေချင်ဘူးဆိုတဲ့ စကားကို ကျမနဲ့ ရင်းနှီးတဲ့ အနီးကပ်နေတဲ့ လူတိုင်းလိုလို ကျမဆီက ကြားဖူးကြပါတယ်”
“အခုတော့ ကျမ မလိုချင်တဲ့ နောင်တတရားတွေ ထပ်တိုးလာပါပြီ။ လူပေါင်းများစွာ မတရား ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံနေရချိန်မှာ ကိုယ့်ကို မထိခိုက်သရွေ့ နှုတ်ဆိတ်နေမိခြင်း၊ မတရားမှုကို ကျူးလွန်နေသူ လူယုတ်မာတွေဘက်က ရပ်တည်မိခြင်း စတဲ့ နောင်တများကလည်း ကင်းဝေးရလိုပါတယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
ဆက်လက်ပြီး “ဘဝမှာ ကျမ လိုချင်တဲ့ အောင်မြင်မှုဆိုတာ နောင်တ နည်းနိုင်သမျှနည်းတဲ့ ဘဝကို ပိုင်ဆိုင်ရခြင်းပါ။ ခက်ခဲမယ်၊ ကြမ်းတမ်းမယ်ဆိုတာ သိပေမယ့် ဘဝကို လိပ်ပြာလုံသော အောင်မြင်ခြင်းနဲ့ပဲ ဖြတ်သန်းချင်ပါတယ်။ အရေးတော်ပုံ အောင်ရမည်”လို့ ပိုင်ဖြိုးသုက ပြောထားပါတယ်။
သရုပ်ဆောင် ပိုင်ဖြိုးသုက ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ရေးသား ပြောပြထားတာဖြစ်ပြီး၊ ပိုင်ဖြိုးသုဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် သူတတ်နိုင်တဲ့ဘက်ကနေ တတ်အားသရွေ့ ပါဝင်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
၂၀၂၁ သင်္ကြန်တွင်း ဘယ်နေရာမှာမှ သီချင်းမဆိုခဲ့ဘူးလို့ ဟဲလေး ပြော
သင်္ကြန်ပွဲ သွားခဲ့တဲ့အပေါ် ညီညီမောင် (စမ်းချောင်း) ပြန်ဖြေရှင်း
တူညီတဲ့ ရပ်တည်ချက်အတွက် စိတ်ဝမ်းမကွဲဘဲ ရှေ့ဆက်ကြဖို့ မေဦး ပြော