ပြည်သူလူထုက စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့အချိန်၊ မတရားမှု၊ ရက်စက် ကြမ်းကြုတ်မှု မျိုးစုံကို မျက်ဝါးထင်ထင် မြင်နေရတဲ့အချိန်မှာ ဂီတသမားဆိုတာ ပြည်သူနဲ့ တသားတည်း ရှိသင့်တယ်လို့ တေးရေးဆရာ အောင်နိုင်စန်းက ဆိုပါတယ်။
“ဘဝလိပ်ပြာ အမှတ်မထင် ရောက်လာခဲ့တဲ့ လောကတခု ဆိုပေမယ့် ဂီတဟာ နေပျော်စရာကောင်းတဲ့ လောကပါ။ များသောအားဖြင့် နှလုံးသားတွေ နူးညံ့ကြတယ်။ ခင်မင်နှစ်လိုဖွယ် ရှိကြတယ်။ နွေဦးတော်လှန်ရေး မတိုင်ခင် ကာလမှာကတည်းက ဂီတသမားတွေမှာ ကွဲပြားတဲ့ နိုင်ငံရေးအရောင်အသွေး ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ သိပ်ပြီး မသိသာလှသလို သိပ်ပြီး အရေးကြီးတဲ့ အကြောင်းအရာလည်း မဟုတ်ခဲ့ဘူး”
“အခုချိန်မှာတော့ ဒါက အရေးကြီးလာတယ်။ ဓားပြအဆင့်၊ သူခိုးအဆင့်ဆိုတာ သိသာ ထင်ရှားနေတဲ့ ဘုံရန်သူကို ပြည်သူလူထုက တော်လှန်နေရတဲ့အချိန်၊ မတရားမှု၊ ရက်စက် ကြမ်းကြုတ်မှု မျိုးစုံကို မျက်ဝါးထင်ထင် မြင်နေရတဲ့အချိန်မှာ ဂီတသမားဆိုတာဟာ ပြည်သူနဲ့ တသားတည်း ရှိသင့်တာပဲ။ ကိုယ်တိုင်လည်း ပြည်သူ ဖြစ်တယ်။ ခံစားချက်ချင်း ထပ်တူဖြစ်တယ်ဆိုမှသာ ပြည်သူ့မေတ္တာကို ဆက်လက် ရရှိမှာပါ”လို့ တေးရေး အောင်နိုင်စန်းက ပြောပါတယ်။
လူဆိုတာ ကိုယ်ပိုင် အယူအဆ၊ ခံယူချက်တွေ ရှိနိုင်ပေမယ့် မိမိ ပရိသတ်ကို လှည့်စား အယုံသွင်းတာမျိုး မလုပ်သင့်ဘူးလို့ တေးရေး အောင်နိုင်စန်းက ဆိုပါတယ်။
“လူဆိုတာ မိမိရဲ့ ကိုယ်ပိုင် အယူအဆ၊ ခံယူချက်တွေ ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင် အခွင့်အရေးဖြစ်တယ်လေ။ သို့သော် ဒါကို အနုပညာနဲ့ ရောထွေးပြီး တလွဲ အသုံးချတာမျိုး မဖြစ်သင့်ဘူး။ မလိမ့်တပတ်နဲ့ မိမိ ပရိသတ်ကို လှည့်စား အယုံသွင်းတာမျိုးလည်း မလုပ်သင့်ဘူး။ အခုချိန်မှာ အရောင်အသွေး ကွဲပြားဖို့ လိုတယ်။ မတရား အာဏာသိမ်းတာကို လက်မခံဘူးဆိုရင် ပြည်သူလူထု အများစုဘက်က ရဲရဲဝံ့ဝံ့ ရပ်ပြလိုက်။ ကြိုက်တယ်။ ဒါဟာသတ္တိပဲ”
“ဒီလို မဟုတ်ဘူး။ ငါကတော့ စစ်တပ်နဲ့ ရဲက ဘာလုပ်လုပ် ကြည်ဖြူတယ်။ အုပ်ချုပ်သူနေရာမှာ တပ်က ယူထားတာကိုလည်း လုံးဝ ထောက်ခံတယ်ဆိုရင်လည်း ဒါကို ပြတ်ပြတ်သားသား ဖော်ပြရဲရမယ်။ ဥပမာ ကိုဝင်းမော် (ရွှေသံစဉ်)၊ မြတ်မြတ်ချစ်မောင်ဦး၊ လီလီနိုင်ကျော်တို့လိုမျိုးပေါ့။ ကျနော်က သူတို့စိတ်ကို ကြိုက်တယ်။ ကိုယ့်ခံယူချက်ကို ဖော်ပြရဲတဲ့သူတွေ။ တူညီခြင်း၊ မတူညီခြင်း အရေးမကြီးဘူး။ ကိုယ့်ရပ်တည်ချက်ကို ဖော်ပြရဲခြင်းဟာ တန်ဖိုးတခု ရှိပါတယ်”လို့ အောင်နိုင်စန်းက ပြောပါတယ်။
ဆက်လက်ပြီး တေးရေး အောင်နိုင်ဆန်းက ဂီတသမားတွေထဲမှာ အမျိုးအစား၂ မျိုး ရှိနေတယ်လို့ ဆိုပါတယ်။
“ဂီတသမားတွေထဲမှာ နောက်ထပ် အမျိုးအစား၂ ခုကတော့ (၁) နိုင်ငံရေးကို လုံးဝ စိတ်ဝင်စားသူ၊ ဘယ်ခေတ် ဘယ်အချိန်မဆို ပွဲလာငှားမဲ့သူကိုပဲ ထိုင်မျှော်တယ်။ လူတွေ သေကြတာ တိုက်ပွဲတွေဖြစ်တာ၊ လုယက် ဖျက်ဆီးတာ၊ ဘာဆိုဘာမှ စိတ်မဝင်စားဘူး။ (၂) စစ်တပ်တို့၊ ကြံ့ခိုင်ရေးပါတီတို့ကို စိတ်ထဲက ကြိတ်ပြီးတော့ နှစ်သက်တယ်။ လုံးဝ ထောက်ခံအားပေးတယ်။ ဒါပေမဲ့ အသံမထွက်ဘူး။ လူမသိအောင်နေတယ်။ တိတ်တိတ်ဆိတ်ဆိတ် ပိပိရိရိ နေတယ်။ ဒီအမျိုးအစား နှစ်မျိုးလုံးကိုလည်း ဘာမှ မှတ်ချက် မပေးလိုသေးဘူး”
“ဟော နောက်ဆုံး တမျိုး။ သူကကျတော့ လုံးဝ အောက်တန်းစား၊ ပြည်သူလူထု ဆန္ဒပြတဲ့အချိန် ရောယောင် ဝင်ပြလိုက်တယ်။ အံမယ် ဆိုင်းဘုတ်တွေ ဘာတွေကိုင်၊ လက်သုံးချောင်းတွေထောင် နွေဦးတော်လှန်ရေးတို့ ဘာတို့ အယုံသွင်း အော်ပြသေးတာ။ ပြီးတော့မှ စစ်တပ်ကပေးတဲ့ အလုပ်ကို တိတ်တိတ်လေး ခိုးလုပ်တယ်။ သင်္ကြန်ပွဲ ပိုက်ဆံသွားယူတယ်”
“ပြီးတော့ မဟုတ်ဘူး ထပ်လိမ်သေး၊ ငြင်းပြသေးတယ်။ ဒါကျတော့ ဖာကျတာ သက်သက်။ ဘာဖြစ်လဲ။ ကိုယ်လုပ်ရင် လုပ်တယ်ပေါ့။ ပြည်သူ့မေတ္တာလည်း လိုချင်တယ်။ တပ်က ပိုက်ဆံကိုလည်း လိုချင်တယ်။ ၂ ဖက်ခွလို့ မရတဲ့ အချိန်လေ။ ရူးနေလား။ တခုလိုချင်ရင် တခုကို စွန့်လွှတ်ရမယ်။ တခုခုကို ရွေးချယ်ရဲဖို့ လိုတယ် ”လို့ တေးရေး အောင်နိုင်စန်းက ပြောပါတယ်။
၂၀၁၉ သင်္ကြန်ပြီးချိန်ကတည်းက ဝင်ငွေ မရှိပေမယ့် စားဝတ်နေရေး အကြောင်းပြပြီး ဘဝလေး တိုတိုမှာ အမဲစက်တွေ မစွန်းထင်းချင်ဘူးလို့ အောင်နိုင်စန်းက ဆိုပါတယ်။
“မထင်မရှား တေးရေးသူ တဦးအနေနဲ့ ဝင်ငွေ လုံးဝမရှိတာ ၂၀၁၉ သင်္ကြန်ပြီးချိန်ကတည်းကပဲ။ ဒါပေမဲ့ ရအောင် တောင့်ခံပြီး ရှင်သန်နေထိုင်တယ်။ ပြည်သူနဲ့ ထပ်တူ နာကျည်း ခံပြင်းမှု ရှိတယ်။ ထပ်တူ ခံစားတဲ့ နှလုံးသားရှိတယ်။ ထိုက်သင့်တဲ့ ဘဝမာန၊ ဘဝလိပ်ပြာ ရှိတယ်။ စားဝတ်နေရေးဆိုတာကို အကြောင်းပြပြီ။ ဘဝလေးတိုတိုမှာ အမဲစက်တွေ မစွန်းထင်းချင်ဘူး။ အနုပညာမှာ ဘယ်လောက်ပဲ မိုးပျံအောင် တော်နေပါစေ၊ ဘဝလိပ်ပြာ မသန့်ရင်၊ ပရိသတ်ကို မရိုးမသား လှည့်ဖြားရင် သွားပေတော့ မြောင်းထဲ”လို့ တေးရေး အောင်နိုင်စန်းက ပြောထားပါတယ်။
တေးရေး အောင်နိုင်စန်းက ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ ရေးသား ပြောပြထားတာဖြစ်ပြီး၊ တေးရေး အောင်နိုင်စန်းဟာ သူရေးသားထားတဲ့ သီချင်းတွေကို စစ်ကောင်စီပိုင် မီဒီယာတွေမှာ အသုံးပြုခွင့် မပြုဘူးလို့လည်း ဖေဖော်ဝါရီလအတွင်းက ကြေညာခဲ့ပါတယ်။
You may also like these stories:
ဘဝမှာ နောင်တ နည်းနိုင်သမျှ နည်းအောင် နေချင်တယ်ဆိုတဲ့ ပိုင်ဖြိုးသု
၂၀၂၁ သင်္ကြန်တွင်း ဘယ်နေရာမှာမှ သီချင်းမဆိုခဲ့ဘူးလို့ ဟဲလေး ပြော
သင်္ကြန်ပွဲ သွားခဲ့တဲ့အပေါ် ညီညီမောင် (စမ်းချောင်း) ပြန်ဖြေရှင်း