လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ အဆိုတော် ဆောင်းဦးလှိုင်က စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လူမှုကွန်ရက်မှာ ရေးသား ပြောဆိုနေသူဖြစ်ပြီး၊ သူတော်ကောင်းယောင် ဆောင်ကြသူတွေ နိုင်ငံရေးလောက၊ စီးပွားရေးလောကနဲ့ အနုပညာလောကတို့မှာ ရှိတယ်လို့ ဆိုပါတယ်။
“သူတော်ကောင်းယောင် ဆောင်ကြတဲ့ ကြောင်သူတော် ကြက်သူခိုးများကြောင့် မိစ္ဆာလူသတ်သမားတွေ အခွင့်အရေးတချို့ရပြီး လုပ်ချင်ရာ လုပ်ကြတာဗျ။ အာဏာရူးတွေက သူတို့ကို ထောက်ခံသူ ရှိတယ်ဆိုတဲ့ ပုံဖမ်းနေတာ”
“သူတော်ကောင်းယောင် ဆောင်ကြသူတွေ မနည်းဘူး။ နိုင်ငံရေးလောကမှာ ရှိတယ်။ စီးပွားရေး လောကမှာ ခရိုနီတွေ ဖောင်ဒေးရှင်းထောင်၊ တက်ကျမ်းတွေဟော၊ ပညာတတ်တချို့နဲ့ အနုပညာလောကမှာလည်း သူတော်ကောင်းယောင် ဆောင်ကြတဲ့အပြင် သာသနာတော်ထဲမှာ အရေခြုံတွေ ရှိတယ်”လို့ ဆောင်းဦးလှိုင်က ဆိုပါတယ်။
လူလိမ် လူညာတွေကို ကိုးကွယ် ဆည်းကပ်ကြတဲ့လူတွေ မနည်းဘူးလို့ ဆောင်းဦးလှိုင်က ဆိုပါတယ်။
“လူလိမ် လူညာတွေကို အားပေးကြတဲ့ ကိုးကွယ် ဆည်းကပ်ကြတဲ့ လူတွေ မနည်းဘူး။ အပြောတောင် မခံဘူး။ အထိ မခံဘူး။ မှန်မှန်ကန်ကန် ဝေဖန်တဲ့ လူတွေကိုတောင် အုံနဲ့ကျင်းနဲ့ ပြန်စော်ကားကြတာ။ အခုတော့ သဘောပေါက်လာကြပြီ ထင်ရတယ်။ နောက်ကျတယ်ဆိုပေမယ့် ပြင်မရတဲ့ အနေအထားတော့ မဟုတ်ပါဘူး”
“မိစ္ဆာ ဖက်ဆစ် အာဏာရူးတွေနဲ့အတူ အဲဒီကြောင်သူတော် ကြက်သူခိုး သူတော်ကောင်း အယောင်ဆောင်တွေကိုပါ အမြစ်က ဆွဲလှန်ကြရမယ်။ ဒါမှ အမှန်တရား ထွန်းကားမှာပါ။ နိုင်ငံတော်ကိုသန့်ရှင်းရေး လုပ်ဖို့ လိုအပ်တယ်”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
ဆက်လက်ပြီး ဆောင်းဦးလှိုင်က ကျဆုံးသွားသော သူရဲကောင်းများအတွက်လည်း “အသက်ဝိညာဉ် ရှိသရွေ့” ဆိုတဲ့ သီချင်းကိုလည်း ဖန်တီးထားပါတယ်။
“ကျဆုံးသွားသော သူရဲကောင်းများအတွက် ရေးသား သီဆိုပါသည်။ ကျနော် အသက်ဝိညာဉ် ရှိသရွေ့ သူတို့အတွက် တရားမျှတမှုကို ရှာဖွေ ဖော်ထုတ်နေပါမည်”လို့ ဆောင်းဦးလှိုင်က ပြောထားပါတယ်။
You may also like these stories:
ဘဝမှာ နောင်တ နည်းနိုင်သမျှ နည်းအောင် နေချင်တယ်ဆိုတဲ့ ပိုင်ဖြိုးသု
တူညီတဲ့ ရပ်တည်ချက်အတွက် စိတ်ဝမ်းမကွဲဘဲ ရှေ့ဆက်ကြဖို့ မေဦး ပြော
နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာ ဖျော်ဖြေပေးမယ့် ဆောင်းဦးလှိုင်