COVID-19 တတိယလှိုင်းဟာ အခုဆိုရင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားကို ရောက်ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့လည်း အခုလိုကာလမှာ တော်လှန်ရေးက အရေးကြီးသလို ကိုဗစ်ဟာလည်း အရေးကြီးကြောင်း မင်းမော်ကွန်းက သတိပေးစကား ဆိုထားပါတယ်။
“တော်လှန်သင့်တာ တော်လှန်သလို ကာကွယ်သင့်တာကို ကာကွယ်ကြမယ်။ မတရားမှုကို ဆက်လက် တော်လှန်ဖို့ ကျန်းမာရေး ကောင်းမွန်နေဖို့ကလည်း အရေးကြီးတဲ့အချက်ဆိုတာ မမေ့စေချင်ပါ။ ကျနော်တို့ အာဏာရှင်ကို တော်လှန်ပြီး သူတို့ထိုးပေးတဲ့ ကာကွယ်ဆေးတွေကို မထိုးဘဲ နေခဲ့ကြတယ်။ ဒီအထိက အိုကေပါတယ်။ ကျနော်တို့ မိသားစုအားလုံးလည်း မထိုးပါ။ ထိုးလည်းဆေးကို သိုလှောင်သိမ်းဆည်းပုံ မမှန်ကန်တဲ့အတွက် ဘယ်လို ဆိုးကျိုးတွေ ရလာမလဲ မသိနိုင်ပါ”လို့ မင်းမော်ကွန်းက ပြောပါတယ်။
မတရားမှုကို တော်လှန်ဖို့အတွက် ကျန်းမာရေး ကောင်းမွန်နေဖို့က အရေးကြီးတဲ့အချက် ဖြစ်တယ်ဆိုတာ မမေ့စေချင်ဘဲ ကိုယ်တိုင်အနေနဲ့ အာဏာရှင်ထိုးပေးတဲ့ ကာကွယ်ဆေးကို မထိုးဘဲ နေခဲ့ကြတယ်လို့ ဆိုပါတယ်။
“ဒါပေမဲ့ အရှိန်အဟုန်ပြင်းပြင်းနဲ့ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ တတိယလှိုင်းကိုတော့ ဂရုမစိုက်လို့ မရပါဘူး။ ဒါဟာ နိုင်ငံ့အရေး တိုင်းပြည်အရေးသာမကဘဲ လူသားမျိုးနွယ် အားလုံးရဲ့ အသက်ရှင်ကျန်းမာရေးဖြစ်လို့ အရေးကြီးပါတယ်ခင်ဗျာ။ တော်လှန်ရေးက ပိုအရေးကြီးတယ်။ ကိုဗစ်ကို ဂရုစိုက်စရာ မလိုဘူးလို့ မတွေးစေချင်ပါဘူး။ နှစ်ခုစလုံးက အရေးကြီးပါတယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။
မြန်မာပြည်မှာ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တာ ဘယ်သူတွေရဲ့ကျေးဇူးကြောင့်လဲဆိုတာကို လူတိုင်းသိမှာဖြစ်ပြီး အခု တတိယလှိုင်းမှာတော့ ဒီလို ပံ့ပိုးမှုတွေ ရတော့မှာ မဟုတ်ဘဲ ရင်ဆိုင်ကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ တိုင်းပြည်မှာ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်တာ ဘယ်သူတွေရဲ့ကျေးဇူးကြောင့်လဲ လူတိုင်းသိမှာပါ။ အခု တတိယလှိုင်းကို ရင်ဆိုင်ဖို့ အရင်တုန်းကလိုမျိုး ပံ့ပိုးမှုတွေ မရနိုင်ပါ။ ပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လူတန်းစား မခွဲခြားတဲ့ ကိုဗစ် စင်တာတွေ ဆေးကုသစရိတ် အကုန်အကျခံပေးမယ့် အစိုးရ ဒါတွေ မပါဘဲ ရင်ဆိုင်ကြရမှာပါ”လို့ မင်းမော်ကွန်းက ပြောပါတယ်။
ဆက်လက်ပြီး “အဲဒီတော့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုပါတယ်။ ကျန်းမာမှ လုပ်ချင်တာကို လုပ်လို့ရမယ်။ တော်လှန်ရေး မပြီးသေးတဲ့အတွက် ကျန်းမာရေး ကောင်းနေဖို့ ပိုလိုအပ်ပါတယ်။ ကျန်းမာရေးအသိ ကျန်းမာရေးသတိနဲ့ ကာကွယ်ကြပါလို့ လေးလေးနက်နက် အသိပေးချင်ပါတယ်။ တော်လှန်သင့်တာကို တော်လှန်နိင်ဖို့ ကာကွယ်သင့်တာကို ကာကွယ်ကြပါစို့”လို့ ပြောပါတယ်။
သရုပ်ဆောင် မင်းမော်ကွန်းကိုတော့ စစ်အာဏာရှင်မှ ပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆို ဖမ်းဝရမ်းထုတ်ထားပြီး ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းကတော့ ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်းက ဖမ်းဆီးခံထားရပါတယ်။
You may also like these stories:
“အနုပညာလောကမှာလည်း သူတော်ကောင်းယောင် ဆောင်ကြသူတွေ ရှိတယ်”
“မလိမ့်တပတ်နဲ့ ပရိသတ်ကို လှည့်စား အယုံသွင်းတာမျိုး မလုပ်သင့်ဘူး”
မြင့်မြတ်ရဲ့ ဖြေရှင်းချက်အပေါ် ပရိသတ်များ မယုံကြည်