ပြည်သူလူထုက စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့အချိန် စစ်တပ်မှ ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်သို့ သွားရောက်ခဲ့တဲ့အပေါ် ဝေဖန်မှုများစွာ ခံနေရတဲ့ အဆိုတော် ဂျေမောင်မောင်ဟာ တေးရေး မင်းချစ်သူထံ စာပို့ခဲ့တယ်လို့ မင်းချစ်သူက သူ့ရဲ့ Facebook အကောင့်မှာ ရေးသား တင်ခဲ့ပါတယ်။
“Facebook မသုံးတဲ့ ကိုဂျေမောင်မောင် Viber က ကျနော့်ဆီ ပို့တဲ့စာပါ။ ကျနော့် Facebook အကောင့်မှာ တင်လိုက်မယ်လို့လည်း ပြောပြီးပါပြီ။ ၁၉၈၈ လောက်ကတည်းက ဒီနေ့အထိ ညီအစ်ကိုရင်းတွေလို၊ ရဲဘော်ရဲဘက်လို ပေါင်းလာခဲ့တော့ ကျနော် သူ့ကို ယုံတယ်”
“မှားသွားတောင် ပြင်မယ်ဆို ကြိုဆိုနိုင်တယ်။ ကိုယ်တွေ ရင်ဘတ်ထဲကလူ တခြားဘက် မရောက်ဘူးဆိုရင်ပဲ စိတ်ချမ်းသာပြီ။ ခင်ဗျားတို့ရော ကျနော့် လိုပဲလား”လို့ တေးရေး မင်းချစ်သူက ဆိုပါတယ်။
သီချင်းဆိုချင်တာ တခုပဲ သိတဲ့ အားနည်းချက်ကိုလည်း နောက်နောင် ဆင်ခြင်သွားပါ့မယ်လို့ ဂျေမောင်မောင်က ရေးသားထားပါတယ်။

“ကျနော်က အရင်နှစ်တွေလည်း ဆိုပေးနေကျ ကုမ္ပဏီပွဲအတွက် လက်ခံထားတာကို သင်္ကြန် မတိုင်ခင် နေပြည်တော်မှာ ပွဲလုပ်ဖြစ်တယ်ဆိုလို့ သွားဆိုခဲ့တာပါ။ သင်္ကြန်တွင်းတော့ တောင်ကြီးမှာ ရှိနေပါတယ်။ အဲဒီ ကုမ္ပဏီပွဲ (NPT) မှာဆိုမိလို့ ကိုမင်းနဲ့ ဂီတညီအစ်ကို မောင်နှမတွေ၊ ပြည်တွင်းပြည်ပက ကျနော့်ကို ချစ်ခင်အားပေးကြတဲ့ မိတ်ဆွေတွေ၊ ပရိသတ်တွေ စိတ်အနှောင့်အယှက် ဖြစ်ကုန်ကြတဲ့အတွက် အားလုံးကို အနူးအညွှတ် တောင်းပန်ပါတယ်”
“ဒီအတွက် ကျနော်လည်း စိတ်ထိခိုက်ရပါတယ်။ သီချင်းဆိုချင်တာ တခုပဲ သိတဲ့ ကျနော်ရဲ့ အားနည်းချက်ကိုလည်း နောက်နောင် ဆင်ခြင်သွားပါ့မယ်။ ကျနော့်ကို ချစ်ခင်ကြတဲ့ ဂီတ ညီအစ်ကို မောင်နှမတွေနဲ့အတူ ချစ်တဲ့ ပရိသတ်ကြီးနဲ့တကွ ဂျေမောင်မောင် အမြဲရှိနေပါ့မယ် ခင်ဗျာ။ အားလုံးကို ချစ်ခင်လေးစားလျက်”လို့ ဂျေမောင်မောင်က ပြောထားပါတယ်။
စစ်တပ်မှ ပြုလုပ်ခဲ့တဲ့ သင်္ကြန်ပွဲတော်ကို သွားရောက်ခဲ့သူတွေကတော့ အဆိုတော် ယုန်လေး၊ မြင့်မြတ်၊ ဂျေမောင်မောင်၊ သြရသ၊ ရဲအောင်၊ ဒိန်းဒေါင်၊ မိတ်ကပ် ညီညီမောင် (စမ်းချောင်း)နဲ့ မေဦးမောင်တို့ ပါဝင်တယ်လို့ သိရပါတယ်။
You may also like these stories:
တော်လှန်ရေးနဲ့ ကိုဗစ် ၂ ခုစလုံး အရေးကြီးကြောင်း မင်းမော်ကွန်း ပြော
“အနုပညာလောကမှာလည်း သူတော်ကောင်းယောင် ဆောင်ကြသူတွေ ရှိတယ်”
“မလိမ့်တပတ်နဲ့ ပရိသတ်ကို လှည့်စား အယုံသွင်းတာမျိုး မလုပ်သင့်ဘူး”