Entertainment

ဇင်ဝိုင်း ပြန်လွတ်ပြီဆိုတဲ့ သတင်းမှားတွေကို သားဖြစ်သူ နှစ်ဦး တုံ့ပြန်

ပြည်သူ့ဝန်ထမ်းများအား CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) တွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ) ကို ထောက်ခံသည်ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် သရုပ်ဆောင် ဇင်ဝိုင်းအား ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ရှိ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

သရုပ်ဆောင် ဇင်ဝိုင်းရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး အခုထိ အဆက်အသွယ် မရသေးဘူးလို့ သားဖြစ်သူ မင်းမော်ကွန်းက သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ရေးသားထားပါတယ်။

“ကျနော့် ပါးစပ်ကနေတောင်မှ ကျနော့် အဖေကို လွှတ်ပေးဖို့ တခွန်းမှ မတောင်းဆိုမိပါဘူး။ အဖေကလည်း ဒီအတိုင်းပဲ မှာခဲ့ပါတယ်။ အခုထက်ထိ အဆက်အသွယ် မရပါဘူး။ ဆုတောင်းရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး”

သရုပ်ဆောင် မင်းမော်ကွန်း (ဓာတ်ပုံ – Kyaw Kyaw Htay Lwin’s Facebook)

“ရပ်တည်မှု မှန်ကန်ဖို့ ကိုယ့်မျက်နှာကိုယ် မှန်ထဲ ပြန်ကြည့်မိရင် ရှက်မနေရဖို့၊ ကိုယ့်ကြောင့် သားသမီးတွေ လူရာမဝင်ဖြစ် မနေရဖို့ အဖေ ရပ်တည်ခဲ့သလို ကျနော်လည်း ရပ်တည်ပါတယ်။ ဒီလောက်ပါပဲ”လို့ မင်းမော်ကွန်းက ပြောပါတယ်။

ဆက်လက်ပြီး ဇင်ဝိုင်းရဲ့ သားဖြစ်သူ ကြည်သာဌေးလွင်ကလည်း ဖခင် ကျန်းမာနေတယ်ဆိုတဲ့ သတင်းကလွဲလို့ အဆက်အသွယ် လုံးဝ မရဘူးလို့ ဆိုပါတယ်။

“အခုအချိန်ထိ အဖေ ကျန်းကျန်းမာမာ ရှိနေတယ်ဆိုတဲ့ သတင်းကြားတာက လွဲပြီး ဘာအဆက်အသွယ်မှ လုံးဝ မရပါဘူး။ တကယ်လို့ ပြန်လွှတ်ပေးဖို့ ရှိတယ်ဆိုရင်တောင် နှောင့်နှေးစေအောင် မနှောင့်ယှက်ဖို့ မေတ္တာရပ်ခံပါတယ်”လို့ ကြည်သာဌေးလွင်က ပြောထားပါတယ်။

သရုပ်ဆောင် ဇင်ဝိုင်းကို ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များက သွားရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ သားဖြစ်သူ မင်းမော်ကွန်းကိုလည်း စစ်ကောင်စီမှ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆို ဖမ်းဝရမ်း ထုတ်ထားပါတယ်။

You may also like these stories:

တော်လှန်ရေးနဲ့ ကိုဗစ် ၂ ခုစလုံး အရေးကြီးကြောင်း မင်းမော်ကွန်း ပြော

ဘဝမှာ နောင်တ နည်းနိုင်သမျှ နည်းအောင် နေချင်တယ်ဆိုတဲ့ ပိုင်ဖြိုးသု

တူညီတဲ့ ရပ်တည်ချက်အတွက် စိတ်ဝမ်းမကွဲဘဲ ရှေ့ဆက်ကြဖို့ မေဦး ပြော

Loading