အာဏာသိမ်း စစ်ကောင်စီမှ ပြည်သူများနဲ့ တသားတည်း ရပ်တည်လျက်ရှိတဲ့ အနုပညာရှင်များကို နေ့စဉ်နဲ့အမျှ ၎င်းတို့ပိုင် ရုပ်သံမီဒီယာများမှာ ဖမ်းဝရမ်းထုတ်ကြောင်း ကြေညာချက်များ ထုတ်ပြန်နေတာ အခုဆိုရင် အယောက် ၁၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။
ဖမ်းဝရမ်းထုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီးပါက အင်အားသုံးကာ အနုပညာရှင်များကို ရှာဖွေကာ လိုက်လံ ဖမ်းဆီးမှုများလည်း ရှိပါတယ်။
စစ်ကောင်စီမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူများထဲမှ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ဝန်ထမ်းများ ပါဝင်လာစေရန် လှုံ့ဆော်သည်ဟုဆိုကာ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ကိုပေါက်၊ ဝိုင်း၊ ဏကြီး၊ အနဂ္ဂ စတဲ့ အနုပညာရှင် ၆ ဦးကို ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ဖမ်းဝရမ်း ထုတ်ပြီး ရက်ပိုင်းမှာပဲ လူမင်းကို လိုက်လံ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီနောက် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ အနုပညာရှင်များနဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နာမည်ကြီးသူများကို ၅၀၅-က ဖြင့် ဖမ်းဝရမ်း တနေ့လျှင် အယောက် ၂၀ နှုန်းဖြင့် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဧပြီလ ၂ ရက်နေ့က အမှုဖွင့်ထားကြောင်း ကြေညာတဲ့ထဲမှာ ပါရှိတဲ့ သရုပ်ဆောင် ရဲတိုက်ကို ဧပြီလ ၃ ရက်နေ့ ညက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ ဖမ်းဆီးရမိခဲ့ကြောင်း MRTV က သတင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ရဲတိုက်ကို မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး၊ ဘုရင့်နောင် ရဲစခန်းမှ ရဲတိုက်အား မူး/စိတ် ပုဒ်မနဲ့ အမှု ဖွင့်ထားကာ လသာမြို့နယ် ရဲစခန်းကလည်း ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားကြောင်း သတင်းထဲမှာ ပါရှိပါတယ်။
ဧပြီလ ၆ ရက်နေ့မှာတော့ လူရွှင်တော် ဇာဂနာကို နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး၊ အဲဒီနေ့မှာပဲ ရှမ်းပြည်နယ်တောင်ကြီးမြို့မှ BH Hotel မှာ Beauty Blogger ဝင်းမင်းသန်းကို ဖမ်းဆီးခဲ့ပါတယ်။
ဧပြီလ ၈ ရက်နေ့မှာတော့ ကျန်းမာရေး မကောင်းတာကြောင့် နေအိမ်သို့ ခေတ္တ ပြန်လည် ရောက်ရှိနေတဲ့ ပိုင်တံခွန်ကို ဖမ်းဆီးခဲ့ပြီး၊ ဧပြီလ ၉ ရက်နေ့မှာ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကို သတင်းပေးမှုကြောင့် နေအိမ်မှာပင် ဖမ်းဆီးခဲ့ပါတယ်။
ဧပြီလ ၁၅ ရက်နေ့မှာ ဇင်ဝိုင်းနဲ့ အဆိုတော် ပိုပိုတို့ကို နေအိမ်များမှာ လိုက်လံ ဖမ်းဆီးရမိခဲ့ပါတယ်။ ဧပြီ ၁၇ ရက်နေ့မှာ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံ နှစ်ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လူတစုက ခေါ်ဆောင်သွားခဲ့ပြီး ယခုအခါမှာတော့ နေအိမ်မှာ စောင့်ကြည့်လျက် ရှိပါတယ်။
ခီမောင်နှံရဲ့ အဆိုပါသတင်းကိုတော့ ဧပြီလ ၂၃ ရက်နေ့ညက ၎င်းတို့ပိုင် ရုပ်သံလိုင်းမှာ ကြေညာခဲ့ရာ အသက်မပြည့်သေးတဲ့ ကလေးရဲ့ရုပ်ပုံကို ဖော်ပြခဲ့တာကြောင့် ပြည်သူများက ရှုတ်ချထားပါတယ်။
ခီမောင်နှံကို ဖမ်းဆီးခဲ့တဲ့နေ့ရက် ဧပြီလ ၁၇ ရက်နေ့မှာပင် မေတိုးခိုင်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတာ ၃ ရက်ခန့်ရှိပြီ ဆိုတဲ့အကြောင်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ မေတိုးခိုင်ဟာ အိန္ဒြာကျော်ဇင်ရဲ့ တူမဖြစ်ပြီး အာဏာရှင်ကို ဆန့်ကျင်လျက်ရှိတဲ့ လူငယ်အနုပညာရှင်တဦး ဖြစ်ပါတယ်။
အဲဒီနောက် ဧပြီ ၁၉ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ ဖမ်းဝရမ်း စာရင်းထဲမှာ ပါရှိခြင်း မရှိတဲ့ သရုပ်ဆောင် မျိုးသန္တာထွန်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ရက်နေ့ စစ်ကောင်စီရဲ့ အာဏာစသိမ်းတဲ့ နေ့ရက်ကတည်းက ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ စာရေးဆရာ အနုပညာရှင်များဖြစ်ကြတဲ့ စာရေးဆရာ မောင်သာချို ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ အဆိုတော် စောဖိုးခွားတို့ဟာလည်း အခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါ။
ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရထားသူ ဦးရေ ၃၀၀၀ ကျော်ပြီ ဖြစ်ပြီး၊ ပစ်ခတ် သတ်ဖြတ်ခံရခြင်းကြောင့် သေဆုံးသူ ဦးရေ ၇၀၀ ကျော်ပြီ ဖြစ်ပါတယ်။
You may also like these stories:
ဇင်ဝိုင်း ပြန်လွတ်ပြီဆိုတဲ့ သတင်းမှားတွေကို သားဖြစ်သူ နှစ်ဦး တုံ့ပြန်
တော်လှန်ရေးနဲ့ ကိုဗစ် ၂ ခုစလုံး အရေးကြီးကြောင်း မင်းမော်ကွန်း ပြော
“အနုပညာလောကမှာလည်း သူတော်ကောင်းယောင် ဆောင်ကြသူတွေ ရှိတယ်”