စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တတ်အားသရွေ့ ပါဝင်နေတဲ့ အဆိုတော် သာဒီးလူက ဖမ်းဝရမ်း ထုတ်ခံရသူတွေကို ဝရမ်းပြေးအကြီးစား မဖြစ်ဖြစ်အောင် Facebook မှာ ထပ်ခါထပ်ခါတွေ Share တာဟာ ဖမ်းဝရမ်း ထုတ်ခံရသူတွေ နေရထိုင်ရ ခက်ကုန်တယ်လို့ ဆိုပါတယ်။
“ဝရမ်းတကယ် ထွက်လာရင် စာရင်းမှာ ဘယ်သူပါတယ်၊ ဘယ်ဝါပါတယ်ဆိုတာ ကာယကံရှင်နဲ့တကွ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်ရာ လူတွေက သိပါတယ်ဗျာ။ သူတို့လည်း Facebook သုံးတတ်ကြမှာပါ။ အခုဟာက အဲဒါကို ခင်ဗျားတို့က ပြောမဆုံးအောင် လူမသိသိအောင် ဝရမ်းပြေးအကြီးစား မဖြစ်ဖြစ်အောင် ထပ်ခါထပ်ခါတွေ Share လုပ်သူကတော့ ဘယ်လို တိုက်ပွဲဝင်ခဲ့တာ၊ ဘယ်လို ရဲရဲတောက်ခဲ့တာတွေ မဟားတရားတွေ လျှောက်ပြော Facebook မှာ အမှတ်တွေယူ ခင်ဗျားတို့ အဲ့လိုတွေ လုပ်တော့ အခု ကာယကံရှင်တွေ နေရထိုင်ရ ခက်ကုန်တာ သိကြလား”
“တကယ် ဝရမ်းထွက်လာတဲ့သူတွေ မပြောနဲ့ ကျနော်တို့ကိုတောင် တချို့အပေါင်းသင်းတွေက လမ်းမှာ မျက်နှာချင်းဆိုင် မြင်တာနဲ့ မျက်စိ မျက်နှာတွေ ပျက်နေကြပြီ။ လက်ရင်းထိုး ပေါင်းခဲ့တဲ့သူတွေကအစ မခေါ်ချင် မပြောချင် ဖြစ်ကုန်ကြပြီ။ အဲ့ဒါတွေ သိကြလား ဆြာကြီး Gen-Genius တို့ရေ။ ဦးနှောက်တော့ သုံးကြပါဗျာ”လို့ သာဒီးလူက ပြောပါတယ်။
မလိုအပ်တဲ့ သတင်းတွေကို မဖွကြပါနဲ့လို့လည်း သာဒီးလူက အခုလိုပဲ ဆိုပါတယ်။
“ရှေ့ထွက်လည်း ပြောမယ်၊ မထွက်ရင်လည်း ဆဲမယ်။ ခင်ဗျားတို့က အခုကျတော့ မိတ်ရင်းဆွေရင်းတွေတောင် ကျနော့်တို့ကို တရှောင်ရှောင် ဖြစ်လာပြီ။ ရပ်ကွက်ထဲမှာလည်း ဒီကောင် မပါသွားသေးဘူးလား။ အနုပညာသမားတွေ ဖမ်းနေတယ်လေ၊ ဘယ်ချိန် ဒီကောင်ကို လာခေါ်မှာလဲ စသည်ဖြင့် တံတွေးခွက် ပက်လက်မျောတဲ့ အကွက်တွေ ကြုံနေရတာကိုရော သိကြလား”
“ဆင်ခြင်ကြပါဗျာ။ ကျနော် တောင်းဆိုတာပါ။ မလိုအပ်တဲ့ သတင်းတွေကို မဖွကြပါနဲ့။ ဒီအချိန်မှာ တိုင်းပြည်အတွက် တကယ် လိုအပ်တာကို လုပ်ပေးကြပါ။ ကျနော် တောင်းဆိုတာပါ”လို့ သာဒီးလူက ပြောထားပါတယ်။
အဆိုတော် သာဒီးလူကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ ရေးသား ပြောပြထားတာဖြစ်ပြီး၊ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက်လည်း သူတတ်နိုင်တဲ့ဘက်ကနေ တတ်အားသရွေ့ ပါဝင်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင်ပေါင်း ၁၀၀ ကျော်ထိ ရှိလာ
ပရိသတ်တွေကို တောင်းပန်ခဲ့တဲ့ အဆိုတော် ဂျေမောင်မောင်
“မလိမ့်တပတ်နဲ့ ပရိသတ်ကို လှည့်စား အယုံသွင်းတာမျိုး မလုပ်သင့်ဘူး”