မင်းသမီးကြီး Youn Yuh-jung ဟာ မကြာသေးမီက ကျင်းပခဲ့တဲ့ အော်စကာ ဆုပေးပွဲမှာ နေရာရွှေ့ပြောင်း နေထိုင်သူတွေအကြောင်း ရိုက်ကူးထားတဲ့ “”Minari” ရုပ်ရှင်နဲ့ အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆုကို ရရှိခဲ့ပြီး ပထမဆုံး သရုပ်ဆောင် အော်စကာဆုကို ရရှိခဲ့တဲ့ ကိုရီးယား အနုပညာရှင် ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့တုန်းက ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အင်ဂျလိစ်မြို့က Union Station မှာ ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ မင်းသမီးကြီး Youn ဟာ “Borat Subsequent Moviefilm” ထဲက မင်းသမီး Maria Bakalova ၊ “Hillbilly Elegy” ထဲက မင်းသမီး Glenn Close၊ “The Father” ထဲက မင်းသမီး Olivia Colman နဲ့ “Mank” ထဲက မင်းသမီး Amanda Seyfried တို့ကို ကျော်တက်ပြီး အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒါဟာ အော်စကာဆုပေးပွဲမှာ သရုပ်ဆောင်ပိုင်းဆိုင်ရာ ဆုအတွက် ပထမဆုံး ဆုရခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုရရှိခဲ့တဲ့ “Parasite” ရုပ်ရှင်ကတော့ ဆန်ခါတင် ဆု ၆ ခု ဝင်ခဲ့ပေမယ့် သရုပ်ဆောင် ဆန်ခါတင် ဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်ဆုနဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆု အပါအဝင် ဆု ၄ ခု ရရှိခဲ့ပါတယ်။
ဒါ့အပြင် မင်းသမီးကြီး Youn ဟာ အော်စကာ ဆုပေးပွဲသမိုင်းမှာ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု ရတဲ့ ဒုတိယမြောက် အာရှမင်းသမီး ဖြစ်လာခဲ့ပါတယ်။ ပထမဆုံး အာရှမင်းသမီးကတော့ ၁၉၆၇ ခုနှစ်တုန်းက “Sayonara” ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ဂျပန်မင်းသမီး Miyoshi Umeki ဖြစ်ပါတယ်။
မင်းသမီးကြီးဟာ အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ တတိယမြောက် အသက်အကြီးဆုံး မင်းသမီးလည်း ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့အရှေ့မှာ ၁၉၈၅ ခုနှစ်တုန်းက “A Passage to India” ထဲက အသက် ၇၇ နှစ်အရွယ် မင်းသမီးကြီး Peggy Ashcroft နဲ့ ၁၉၅၁ ခုနှစ်ရဲ့ “Harvey” ရုပ်ရှင်ထဲက အသက် ၇၄ နှစ်အရွယ် မင်းသမီးကြီး Josephine Hull တို့ ရှိနေပါတယ်။
“Minari” ရုပ်ရှင်ထဲမှာ မင်းသမီးကြီးဟာ သမီးဖြစ်သူရဲ့မိသားစုကို ကူညီဖို့ အမေရိကန်နိုင်ငံဆီကို လာခဲ့ပြီး အာကန်ဆတ်ပြည်နယ်မှ ဘဝသစ် ထူထောင်တဲ့ သမာရိုးကျ မဟုတ်တဲ့ အဖွားကြီး ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ မြေပြင်မှာ ပေါက်နိုင်တဲ့ ရေကြိုက်ပင် “မီနာရီ” မျိုးစေ့လေးတွေကို ယူလာခဲ့ပြီး အမေရိကန်အိပ်မက် မက်ဖို့အတွက် သူတို့မိသားစုရဲ့ သည်းခံမှုနဲ့ ကြိုးပမ်းမှုတွေကို ပမာပြု ဖော်ပြထားပါတယ်။
ကိုရီးယားနွယ်ဖွား အမေရိကန်ဒါရိုက်တာ Lee Isaac Chung ကိုယ်တိုင် ရေးသား ရိုက်ကူးထားတဲ့ “Minari” ရုပ်ရှင်ဟာ အခုနှစ်အော်စကာ ဆုပေးပွဲအတွက် အကောင်းဆုံး ထုတ်လုပ်သူဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆု၊ အကောင်းဆုံး မင်းသားဆု၊ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု၊ အကောင်းဆုံး မူရင်းဂီတဆုတို့အတွက် ဆန်ခါတင် စာရင်းဝင်ထားပါတယ်။
Ref:Yonhap