အနုပညာသမားတွေဟာ ပုဒ်မ ၅၀၅-က တပ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ တယ်ပြီး မထူးလှပါဘူးလို့ တေးရေးဆရာ အောင်နိုင်စန်းက ဆိုပါတယ်။
“အနုပညာသမားတွေဟာ ၅၀၅ ပုဒ်မ အတပ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ တယ်ပြီး မထူးလှပါဘူး။ တယောက်စီရဲ့နောက်မှာ အနည်းနဲ့အများ ပရိသတ်ကိုယ်စီ ရှိကြတယ်။ Follower တွေ ရှိကြတယ်ဆိုတော့ အဖမ်းခံရဖို့ ရာခိုင်နှုန်းက သူများထက် ပိုတယ်။ ရသလောက်ကိုလည်း ဖမ်းနေတာပါပဲ”
“ဘယ်သူမှ အိမ်မှာ မနေရဲကြတော့ဘူး။ လုံခြုံတဲ့ တခြားနေရာ ပြောင်းနေကြရသူ များပါတယ်။ ကျနော်လည်း ဒီလိုပါပဲ။ လုံခြုံတဲ့နေရာ ရှာပြီး နေရတယ်။ ဘယ်မှ မထွက်ရဲဘူး။ သတင်းလေးတွေဖတ်၊ ခံပြင်း ဝမ်းနည်း၊ ဒါပဲတတ်နိုင်တဲ့ ဘဝ”လို့ တေးရေး အောင်နိုင်စန်းက ဆိုပါတယ်။
ယခင်က သတင်းတွေမှာ သူခိုးဓားပြထက်ဆိုးတဲ့ စစ်သားတွေအကြောင်း ကြားဖူးခဲ့စဉ်က ပေါ့ပေါ့ဆဆ ရှိခဲ့ကြဖူးပြီး၊ ကိုယ်တိုင်တွေ့ကြုံ ခံစားရမှ တကယ် ဖြစ်ရပ်မှန်ပါလားလို့ လက်ခံရတော့တယ်လို့ အောင်နိုင်စန်းက ဆိုပါတယ်။
“တောထဲတောင်ထဲ ရှေ့တန်းစစ်မျက်နှာမှာ စစ်သားတွေဟာ မတိုက်ချင်ကြတော့ဘူး။ မြို့ကြီးပြကြီးတွေမှာ တာဝန်ကျတဲ့ အရသာက ချိုမြိန်လွန်းလို့ မပြန်ချင်ကြတော့ဘူး။ ဟိုအရင်တုန်းက ပြည်နယ်တွေရဲ့ တိုက်ပွဲ သတင်းတွေမှာ သူခိုးဓားပြထက် ဆိုးတဲ့ စစ်သားတွေအကြောင်းကို ကြားဖူးခဲ့စဉ်က ကျနော်တို့ရဲ့ နှလုံးသားတွေဟာ ဒီအပေါ်မှာ ပေါ့ပေါ့ဆဆ ရှိခဲ့ကြဖူးတယ်။ အခု ကိုယ်တိုင်တွေ့ကြုံခံစားရမှ ဒါတွေဟာ ချဲ့ကား ပြောဆိုတာ မဟုတ်ဘူး။ တကယ်ကို ဖြစ်ရပ်မှန်တွေပါလားလို့ လက်ခံရတော့တာ”လို့ အောင်နိုင်စန်းက ပြောပါတယ်။
ဆက်လက်ပြီး တေးရေး အောင်နိုင်စန်းက ကိစ္စကြီးကြီးမားမား မရှိရင် အပြင်ကို လုံးဝ မထွက်ရဲဘူးလို့ ဆိုပါတယ်။

“ရန်ကုန်မြို့ကြီးရဲ့ တနေရာမှာ ကျနော် နေပါတယ်။ ဒါပေမဲ့ အထင်မကြီးပါနဲ့။ လျှပ်စစ်မီး သုံးရတယ်။ Wifi အင်တာနက် သုံးနေရသေးတယ် ဆိုတာလေးပဲ ခင်ဗျား ထက်ပိုတာပါ။ ကျန်တာအကုန် အတူတူပါပဲ။ ကိစ္စကြီးကြီးမားမား မရှိရင် အပြင်ကို လုံးဝမထွက်ရဲပါဘူး။ ထွက်ရင်လည်း အိတ်ထဲ ၁၀၀၀၀ လောက်ထက် ပိုထည့်မသွားရဲပါဘူး”
“ကိုယ်တကယ်ကိုင်တဲ့ ဖုန်းကို ထားခဲ့ရတယ်။ အလုခံရရင်လည်း သိပ်နှမြောစရာ မဟုတ်တဲ့ ဖုန်းအစုတ် လေးထဲမှာ ဖွင့်အစစ်ခံရလည်း ပန်းပုံရှုခင်းပုံတွေပဲ မြင်ရမယ့် Facebook အတုလေးတခု ဖွင့်ပြထားရတယ်။ Facebook မရှိဘူးဆိုရင်လည်း ပြဿနာက ရှာသေးတာတဲ့လေ”လို့ အောင်နိုင်စန်းက ပြောပါတယ်။
ပြည်တွင်းစစ်သာ အမြန်ဖြစ်လိုက်ပါတော့လို့ ဘုရားရှိခိုးတိုင်း ဆုတောင်းတယ်လို့ အောင်နိုင်စန်းက ဆိုပါတယ်။
“မြို့ကြီးပြကြီးတွေအထိပါ ကူးစက် တောက်လောင်မယ့် ပြည်တွင်းစစ်သာ အမြန်ဖြစ်လိုက်ပါတော့လို့ ဘုရားရှိခိုးတိုင်း ဆုတောင်းပါတယ်။ အခုနေရတဲ့ ဘဝက ဓားပြရန်ကို နေ့တိုင်းကြောက်နေရတာ ရှင်လျက်နဲ့ သေနေရတဲ့ ဘဝ။ဘာထူးတုန်း။ လက်နက်ဆိုတဲ့ အရာကို ဖယ်လိုက်ရင် တန်ဖိုးက သုညတင် မကဘူး။ အနုတ် လက္ခဏာပါ ပြနေတဲ့ အဆင့်မှန်းသိသိနဲ့ ငြိမ်ခံနေကြရတဲ့ ဘဝကနေ လွတ်မြောက်ကြရဖို့ ငါတို့ဘယ်လောက်များ ကြာဦးမှာပါလိမ့်”လို့ အောင်နိုင်စန်းက ပြောထားပါတယ်။
You may also like these stories:
“ဘယ်အခြေအနေရောက်ရောက် တခုခု အမြဲလေ့လာပါ”လို့ ဆိုဖီယာ အကြံပြု
“မလိုအပ်တဲ့ သတင်းတွေကို မဖွကြပါနဲ့”လို့ သာဒီးလူ ဆို
စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင်ပေါင်း ၁၀၀ ကျော်ထိ ရှိလာ