သရုပ်ဆောင် ထူးခန့်ကျော်ကတော့ သူတတ်မြောက်ထားတဲ့ ပညာနဲ့ လေဖြတ်လေငန်း၊ အကြောရောဂါ အမျိုးမျိုးကို ငွေကြေး တပြားတချပ်မှ မယူဘဲ အခမဲ့ ကုသပေးနေသလို ကင်ဆာရောဂါကြောင့် ဖြစ်တဲ့ အနာများပါ ကုသပေးနေတယ်လို့ ဆိုပါတယ်။
“၇ ရက်သားသမီးများရဲ့ ထုံကျင်ကိုက်ခဲ လေဖြတ် လေငန်းရောဂါ၊ အရိုးအကြောနှင့် ပတ်သက်သော ရောဂါများပါမက အခုလို ဆီးချိုကြောင့် ဖြစ်သော အနာ၊ ကင်ဆာရောဂါကြောင့် ဖြစ်သော အနာများပါ ကုသမှုများ ပေးနေရသည်”လို့ ထူးခန့်ကျော်က ဆိုပါတယ်။
ဆီးချိုရောဂါကြောင့် ဖြစ်တဲ့ ခြေမအနာဟာ ခြေမတချောင်းလုံး ဖြတ်ထုတ်ရမယ့် အခြေအနေမှ ဖြတ်မထုတ်ရအောင် ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။
“ဆီးချိုရောဂါကြောင့် ဖြစ်သော ခြေမအနာသည် ခြေမ တချောင်းလုံး ဖြတ်ထုတ်ရမည့် အခြေအနေမှ ဖြတ်မထုတ်ရအောင် ကုသပေးခြင်း ကုသိုလ်၊ ကင်ဆာရောဂါကြောင့် အနာကြီးများပေါက်သော ရောဂါများအား သက်သာပျောက်ကင်းအောင် ကုသပေးနေသော ကုသိုလ်၊ ကျနော့်ထံ လာရောက် ကုသသော ၇ ရက်သားသမီးများ၏ ထုံကျင် ကိုက်ခဲရောဂါများ”
“အခြားအခြားသော ရောဂါဝေဒများ၏ ကုသမှု လူဦးရေ ၄၀၀၀ ကျော်တို့အား အခမဲ့ ကုသမှု ကုသိုလ်အစုစုတို့ကြောင့် ကျနော့်ထံ လာရောက် ကုသသော ဝေဒနာရှင်များနှင့် ရောဂါဝေဒနာ ခံစားနေရသော ဝေဒနာရှင် အားလုံးတို့ ယခုဘဝနှင့် ဖြစ်လေရာ သံသရာ အဆက်ဆက်၌လည်း အနာရောဂါ ဝေဒနာများ ကင်းရှင်းပြီး ကပ်ကြီးသုံးပါးတို့မှ ကင်းဝေးကြကာ အေးချမ်းသော ဘဝများကို ပိုင်ဆိုင်နိုင်ကြတဲ့ သူတော်ကောင်းမြတ်များ ဖြစ်ကြပါစေ”လို့ ထူးခန့်ကျော်က ပြောထားပါတယ်။
သရုပ်ဆောင် ထူးခန့်ကျော်ကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ ရေးသား ပြောပြထားတာ ဖြစ်ပါတယ်။ ထူးခန့်ကျော်က ရောဂါတွေ ကုသပေးနေသလို ၇ ရက် သားသမီးတွေအတွက်လည်း အလှူအတန်းများ ပြုလုပ်ကာ ဆုတောင်းမေတ္တာ ပို့သပေးနေတာ ဖြစ်ပါတယ်။
You may also like these stories:
လိင်အမျိုးအစား ခွဲခြားဆက်ဆံမှု ရပ်တန်းကရပ်ဖို့ နွယ်ဒါလီထွန်း ဆို
“အနုပညာသမားတွေ အဖမ်းခံရဖို့ ရာခိုင်နှုန်းက သူများထက် ပိုတယ်”
“ဘယ်အခြေအနေရောက်ရောက် တခုခု အမြဲလေ့လာပါ”လို့ ဆိုဖီယာ အကြံပြု