စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်ခဲ့တဲ့ Gen Z Burma အဖွဲ့ဝင် တချို့ ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိနေပါတယ်။ အဲဒီထဲမှာ နိုင်ငံကျော် Makeup Artist မေဦး၊ ဟန်လင်းနဲ့ Miss Golden Land Myanmar Organization ရဲ့ CEO တွေ ဖြစ်ကြတဲ့ ကိုဟန်ဇော်လတ်နဲ့ ကိုဝေယံအောင်တို့ ပါဝင်ပါတယ်။
“Gen Z Burma” အဖွဲ့ထဲမှာ မိတ်ကပ် မေဦး၊ မော်ဒယ် ဟန်လင်းတို့ အပါအဝင် Miss Golden Land Myanmar Organization ရဲ့ CEO & Founder ဟန်ဇော်လတ်နှင့် ဝေယံအောင်၊ Social Media Team အဖွဲ့ဝင် Alvine နဲ့ သပိတ်စည်းရုံးရေးမှူး မချစ်စုမွန်တို့ ပါဝင်တာ ဖြစ်ပါတယ်။
“ကျနော်တို့ ကိုယ့်ဘဝကိုယ် အဆုံးရှုံးမခံပါဘူး။ အနစ်နာလည်း မခံပါဘူး။ စွန့်လွှတ်မှုလည်း မလုပ်ပါဘူး။ ကျနော် ရွေးချယ်တာပါ။ ကျနော် ကိုယ့်လမ်းကိုယ် ဖောက်တာပါ။ ဒါကြောင့် အမှန်တရားဘက်တော်သားများ မှန်ကန်သော လမ်းကို ရွေးချယ်ပါ။ ရွေးချယ်ထားသော လမ်းကို အဆုံးထိ လျှောက်ပါ”လို့ မိတ်ကပ် မေဦးက ပြောပါတယ်။
မိတ်ကပ် မေဦး အခုလိုမျိုး စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ တွန်းလှန်တဲ့အပေါ် အနုပညာ အသိုင်းအဝိုင်းနဲ့ မိတ်ကပ်ပညာရှင်များ၊ LGBT များက ချီးကျူးစကားများ ဆိုခဲ့ကြပါတယ်။
“ဓမ္မနဲ့ အဓမ္မမှာ ဓမ္မကသာ အနိုင်ရစမြဲ၊ ကျနော်တို့ နိုင်မှာ။ အခုလည်း နိုင်နေပြီ။ အားလုံးလည်း ဘာမှ တွေဝေမနေဘဲ ပန်းတိုင် အဆုံးထိ သတ္တိရှိရှိ လျှောက်ကြပါ”လို့ Miss Golden Land Myanmar ရဲ့ CEO ကိုဝေယံအောင်က မေဦးကို အားပေးထားပါတယ်။
ဆက်လက်ပြီး ကိုဝေယံအောင်က “ယုံကြည်ချက်နဲ့ အမှန်တရားအတွက် ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။ အဖမ်းမခံဘူး။ ထွက်လည်း မပြေးဘူး။ အရှုံးလည်း မပေးဘူး။ မနိုင်မချင်း တိုက်မှာ။ ကျနော်တို့ ပြည်သူတွေ လုံးဝ အားမလျှော့ပါနဲ့။ ကျနော်တို့မှာ ကျနော်တို့ ရှိတယ်။ သေချာပေါက် နိုင်ကို နိုင်မှာ”လို့ ပြောထားပါတယ်။
မေဦးရဲ့ ပရိသတ်များကလည်း မိတ်ကပ် Brush ကိုင်တဲ့ လက်ပိုင်ရှင်က အခုလို သတ္တိရှိပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဆိုထားကြပါတယ်။
“မိတ်ကပ် Brush ကိုင်တဲ့ ညင်သာတဲ့ လက်ချောင်းလေး အခုလို သတ္တိရှိပေးလို့ ကျေးဇူးတင်ရတယ်။
အရေးတော်ပုံ အောင်ရမည်။ စစ်အာဏာရှင်စနစ် ကျဆုံးရမည်”လို့ ပရိသတ်တဦးက ပြောပါတယ်။
“မိတ်ကပ်စုတ်တံ ကိုင်တဲ့ လက်နုနုလေး၊ အသံတိုးတိုးလေးနဲ့ ပြုံးပြုံးအေးအေးလေး နေတတ်တဲ့ ကလေး၂ ယောက်ဟာ အခုတော့ သေနတ်ကိုင်ပြီတဲ့လား။ လေးစားလိုက်တာ မေဦးနဲ့ ဟန်လင်းရေ။ ဘေးကင်းစွာဖြင့် အမြန်ဆုံး ပြန်လာနိုင်ပါစေ”လို့လည်း ပရိသတ်တဦးက ဆိုပါတယ်။
“Gen Z Burma” အဖွဲ့ဝင်များဖြစ်ကြတဲ့ မိတ်ကပ် မေဦး၊ မော်ဒယ် ဟန်လင်း၊ Miss Golden Land Myanmar Organization ရဲ့ CEO & Founder ဟန်ဇော်လတ်နှင့် ဝေယံအောင်တို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူများ ဖြစ်ပါတယ်။
You may also like these stories:
တရုတ်မှ တင်သွင်းတဲ့ အစားအစာများကို Boycott လုပ်ဖို့ တိုက်တွန်းတဲ့ ဟိဏ်းသစ်
“စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်”လို့ ဒေါင်း ပြော
“ပြည်သူချင်း စည်းလုံးမှု၊ မေတ္တာတရားနဲ့ တိုက်လာခဲ့တာ အရာထင်နေပါပြီ”