စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တက်ကြွစွာ ပါဝင်နေတဲ့ အလှမယ် ထားထက်ထက်ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့ကတည်းက လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာဖြစ်ပြီး၊ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့သမျှ အရာအားလုံးဟာ သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
“စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးကို ဖေဖော်ဝါရီ ၆ ရက်နေ့မှစပြီး လမ်းပေါ်ထွက် နေ့စဉ် ရက်ဆက် ကျမ လုပ်ခဲ့ပါတယ်။ ထိုကဲ့သို့ ကျမ လုပ်ခဲ့သမျှ အရာတွေ ဆိုရှယ်မီဒီယာပေါ် တင်သမျှ၊ ရှေ့ထွက် ဆန္ဒပြခဲ့သမျှ၊ စစ်အာဏာရှင် အမြစ်ပြုတ်ရေး တော်လှန်ခဲ့သမျှ၊ လက်ရှိ ဆက်လုပ်ဆောင်နေသမျှ၊ နောက်ထပ် ဆက်လက် လုပ်ဆောင်သမျှ အရာရာ အားလုံးသည် ကျမကိုယ်တိုင် ကျမရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကျမလုပ်သည့် အရာတွေသာ ဖြစ်ပါတယ်”

“ဘယ်သူ့ တိုက်တွန်းမှုမှ မပါသလို ဘယ်သူမှ အတင်းအကျပ် စေခိုင်းခြင်း မရှိပါ။ ထို့အတွက် ဒီအရာတွေကြောင့် ပြဿနာ တစုံတရာဖြစ်စေ၊ ဆုံးရှုံးမှု တစုံတရာဖြစ်စေ ဖြစ်ပေါ်လာပါက ကျမ ထားထက်ထက် တဦးထဲမှာသာလျှင် တာဝန် ရှိပါသည်”လို့ ထားထက်ထက်က ပြောပါတယ်။
ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တာ ဖြစ်တဲ့အတွက် သူ့ရဲ့ မိသားစု၊ ညီအစ်ကို မောင်နှမ၊ မိတ်ဆွေတွေ ဘယ်သူ့မှာမှ တာဝန် မရှိပါလို့ ထားထက်ထက်က ဆိုပါတယ်။
“ကျမ မိသားစု ညီအစ်ကို မောင်နှမ၊ သူငယ်ချင်း မိတ်ဆွေ၊ အရင်းနှီးဆုံးလူ၊ ချစ်ရတဲ့သူ ဘယ်သူ့ ဘယ်သူမှာမှ တာဝန် မရှိပါ။ သက်ဆိုင်မှု မရှိပါ။ အားလုံးနဲ့လည်း အဆက်အသွယ် မရှိတာ၊ ဖြတ်လိုက်တာလည်း အချိန်အတော်ကြီးကို ကြာခဲ့ပါပြီ”လို့ ထားထက်ထက်က ဆိုပါတယ်။
ဆက်လက်ပြီး ထားထက်ထက်က အရေးတော်ပုံ အောင်မြင်တဲ့ တနေ့ အောင်မြင်မှုဟာ အားလုံးနဲ့ ထိုက်တန်တယ်လို့ ဆိုပါတယ်။

“ကျမတို့တွေ အားလုံး အောင်မြင်တဲ့ တနေ့မှာတော့ ထိုအောင်မြင်မှု အရာအားလုံးသည် အားလုံး အားလုံးနဲ့ ထိုက်တန်ပါသည်။ အားလုံး အားလုံးနဲ့သာ သက်ဆိုင်ပါသည်။ မှတ်ချက် – အကြမ်းဖက် စကစ သူပုန်တွေနဲ့ ဒလန်တွေ မပါ”လို့ ထားထက်ထက်က ပြောထားပါတယ်။
အလှမယ် ထားထက်ထက်ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ထုတ်ဖော် ပြောဆိုပေးနေတဲ့ အနုပညာရှင်တဦးဖြစ်ပြီး၊ ထားထက်ထက်ဟာ စစ်ကောင်စီရဲ့ ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားတဲ့ အနုပညာရှင် ဖြစ်ပါတယ်။
You may also like these stories:
မူဆယ်နယ်စပ် ကုန်သွယ်ရေး ရပ်လုနီးဖြစ်
စီးပွားရေးပြိုကွဲနေချိန် ကျောက်မျက်ရောင်းရာမှ စစ်ကောင်စီ ဒေါ်လာသန်းချီရ
အင်တာနက်ပြတ်တောက်မှုကြောင့် စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်သူများ ရှင်သန်ရန် ကြိုးစားနေရ