မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာသိမ်းလိုက်တဲ့အတွက် လူတွေအားလုံးရဲ့ အနာဂတ် အိပ်မက်တွေဟာ ဖျတ်ခနဲ မှိတ်ပစ်လိုက်သလို ရုတ်တရက် အမှောင်ကျသွားခဲ့ရတယ်လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဆိုပါတယ်။
“လူတွေအားလုံးရဲ့ အနာဂတ် အိပ်မက်တွေဟာ ဖျတ်ခနဲ မှိတ်ပစ်လိုက်သလို ရုတ်တရက် အမှောင်ကျ သွားခဲ့တယ်။ လူငယ်တွေအတွက် အချိန်အများကြီး ရှိသေးတယ်ဆိုပေမယ့် ပြန်လည် မွေးမြူရတဲ့ စိတ်ခွန်အားတွေရယ်၊ ပျောက်ဆုံးသွားတဲ့ ယုံကြည်ချက်တွေက ရွှေဆိုင်မှာ ပေးလိုက်ရတဲ့ အလျော့တွက်တွေလို ဘာမှ ပြန်မရဘူး”လို့ မောင်မျိုးမင်းက ပြောပါတယ်။
ကမ္ဘာ့အလယ်မှာ နိမ့်ကျနေတဲ့ ဆင်းရဲနွမ်းပါးမှုတွေကို နှစ်ဆ ပြန်ကြိုးစားရမယ်လို့ မောင်မျိုးမင်းက ဆိုပါတယ်။
“အချိန်နည်းနေတဲ့ လူကြီးတွေအတွက်တော့ လက်ကျန်သက်တမ်းကနေ ရက်ပေါင်း ၇၀၀ ကျော်ကို နုတ်ပေးလိုက်ရပြီ။ နောက်ကျ ကျန်ခဲ့တဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ ကမ္ဘာ့အလယ်မှာ နိမ့်ကျနေတဲ့ ဆင်းရဲနွမ်းပါးမှုတွေကို ကျနော်တို့ နှစ်ဆပြန် ကြိုးစားရမှာကို သိရှိ နားလည်ကြပါတယ်။ ရင်ဆိုင်ဖို့လည်း အသင့်ရှိပါတယ်”လို့ မောင်မျိုးမင်းက ပြောပါတယ်။
ဆက်လက်ပြီး မောင်မျိုးမင်းက လူအချင်းချင်း ယုံကြည်ရတဲ့ နေရာ၊ ယုံကြည်ခြင်းမြို့တော်လို့ ခေါ်ဆိုနိုင်တဲ့နေရာကို မြင်ရရင် သေပျော်ပြီလို့ ဆိုပါတယ်။
“နောင်မျိုးဆက်တွေ ကောင်းစားစေချင်တာကိုး။ ကျနော်တို့ သေဆုံးသွားတဲ့အခါ ကျနော်တို့ အကုန်ထားခဲ့ရမှာပါ။ ကျနော်တို့ မသေခင်မှာ လူငယ်တွေ လိုချင်တဲ့ ဒီမိုကရေစီ၊ တရားမျှတမှု၊ လွတ်လပ်မှု၊အနိုင်ကျင့်မှုတွေ ကင်းမဲ့တဲ့ နေရာ၊ လောဘ၊ ဒေါသနဲ့ မနာလိုခြင်းတွေ ကင်းတဲ့နေရာ၊ လိမ်ညာ လှည့်ဖျားခြင်း မရှိတဲ့ နေရာ”
“ပြုံးရွှင်နေတဲ့ လူတွေရဲ့မျက်နှာနဲ့ အကြင်နာတရားတွေ ပြည့်ဝ၊ သစ္စာတရားတွေ လွှမ်းမိုးတဲ့ မြိုတော်၊ လူအချင်းချင်း ယုံကြည်ရတဲ့နေရာ၊ ယုံကြည်ခြင်းမြို့တော်လို့ ခေါ်ဆိုနိုင်တဲ့ နေရာကို မြင်ရရင် ကျနော်သေပျော်ပါပြီ။ အဲဒါ ကျနော်တို့ အိပ်မက်ပါပဲ။ ကျနော် ပြောရဲတယ်။ တသက်လုံး မပွင့်ဖူးတဲ့ ပန်းကလေးတွေတောင် အဲဒီနေရာမှာ ပွင့်ကြလိမ့်မယ်”လို့ မောင်မျိုးမင်းက ပြောပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ရေးသား ပြောပြထားတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မတွေ့တာကြာပြီဖြစ်တဲ့ နှင်းဆီအဖွဲ့သားတွေကို စိတ်ပူပြီး သတိရကြောင်း ရေးသား တင်ထားပါသေးတယ်။
You may also like these stories:
“ယုံကြည်ချက်အပြည့်နဲ့ ပူးပေါင်း တိုက်ပွဲဝင်ပေးကြပါ”လို့ ဟန်ဇော်လတ် ပြော
“အသက်ပေးသွားသူတွေနဲ့ ယှဉ်ရင် ရှောင်ရပြေးရတာ စာမဖွဲ့လောက်ဘူး”
“အသက်ပေးခဲ့တဲ့ သူရဲကောင်းတွေကို တရက်မှ မမေ့ဘူး”လို့ သန္တာလှိုင် ဆို